သဲကုန်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ရထားလမ်းရေကျော်ပျက်စီးနေရာ၌ ရထားနှစ်စင်းဖြင့် ပို့ဆောင်

သဲကုန်း  ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး  သဲကုန်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇီးကုန်းအုပ်စုရှိ ရထားလမ်း မိုင်တိုင်အမှတ် ၁၄၃/၁၃-၈ အကြား ရှိတံတားအမှတ်၄၃၃ ရေတိုက်စားပြီး ရန်ကုန်-ပြည် ရထားခရီးစဉ်အချို့ ရပ်နားထားခဲ့ပြီး၊ အမှတ်(၆၃)အဆန် ရန်ကုန်-ပြည် စာပို့ရထား တစ်စီးသာ ပြေးဆွဲခဲ့ပြီး သဲကုန်းဘူတာ အထိသာ ပြေးဆွဲနိုင်ခဲ့သည်။

ထို့ကြောင့် ပြည်ဘက်မှ ထွက်ခွာလာသော (၆၃)အဆန် စာပို့ရထားမှ ခရီးသည်များနှင့် (၆၄)အစုန် စာပို့ရထားမှ ခရီးသည်များအား ရထားလမ်းရေကျော်နေရာတွင် ယနေ့နံနက် (၉)နာရီ အချိန်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာမီးရထားဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပြအင်ဂျင်နီယာအဖွဲ့များနှင့် ဒေသခံပြည်သူများက ရထားကူးပြောင်းပေး၍ ပြည်ဘက်သို့ လည်းကောင်း၊ သဲကုန်းဘူတာမှ နံနက်(၉:၂၅) အချိန်တွင် ရန်ကုန်ဘက်သို့ ရထားဆက်လက် ထွက်ခွာ၍ ခရီးသွားပြည်သူများ လိုရာခရီးကို ဆက်လက်သွားနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လမ်းပြုပြင်ရေး လုပ်ငန်းများအား မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ သဲကုန်းမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယနေ့တွင် ရန်ကုန်-ပြည် အမှတ်(၇၁) အဆန်ရထားခရီးစဉ် ဖျက်သိမ်းထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)