နေပြည်တော်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် သွားရောက်ကြည့်ရှု

နေပြည်​တော် ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊  သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ယ​မန်နေ့မွန်းလွဲပိုင်း က နေပြည်တော်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ်ရှိ Nilar Frozen Foods Co., Ltd.မှ ဆောင်ရွက်လျက်ရှိသော ဟင်းသီး၊ဟင်းရွက်နှင့်သစ်သီးဝလံများ အေးခဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ လယ်​ဝေးမြို့နယ်ရှိ Golden Sunland Co., Ltd.မှ ဆောင်ရွက်လျက်ရှိသည့် ဆန်းစပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့်  ပျဉ်းမနားမြို့နယ်ရှိ Chindwin Banner Co., Ltd. မှ ဆောင်ရွက်လျက်ရှိသည့် အဝတ်အထည်မျိုးစုံချုပ်လုပ်ခြင်းလုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် Nilar Frozen Foods Co., Ltd တာဝန်ရှိသူများက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား Contract Farming စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အေးခဲထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းပုံမှန်ရရှိရန်အတွက် စိုက်ပျိုးမြေလိုအပ်မှု အခြေအနေများကိုလည်းကောင်း၊ Golden Sunland Co., Ltd. ကုမ္ပဏီ၏ တာဝန်ရှိသူများက ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် စက်ရုံတည်ဆောက် ပြီးစီးမှုနှင့်စီးပွားဖြစ်စတင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ Chindwin Banner Co., Ltd. တာဝန်ရှိသူက CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ကာ ပြည်ပသို့တင်ပို့နေမှု အခြေအနေ၊ ကုမ္ပဏီအနေဖြင့် အလုပ်အကိုင်ဖန်တီးပေးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့​နောက် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာလည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့က ကူညီပံ့ပိုးပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ ပေါ်ပေါက်နေသော အခက်အခဲများအပေါ် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ Contract Farming စနစ် ပိုမို အားကောင်းလာစေရေး၊ ကုန်ကြမ်းလုံလောက်မှုရှိစေရေး အမှန်တကယ်လိုအပ်သည့် စိုက်ပျိုး မြေရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ  တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှု ဆိုင်ရာမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း အကြံပြုဆွေးနွေးပေါင်းစပ် ညှိနှိုင်းပေးကာ စက်ရုံများအတွင်း လှည့်လည်ကြည့်ရှုခဲ့​ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)