လယ်ဝေးမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေး များ၊ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

လယ်ဝေး ဇူလိုင် ၂၅

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူ ပိုမိုသိရှိ နားလည်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်​ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊​ ရွှေရတုခန်းမ၌ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဦးစီးဌာန (၃) ခုမှ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက် )