မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်နှင့် မိုင်းအန္တရာယ် အသိပညာပေးဟောပြော

မိုးညှင်း ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိ နားလည်နိုင်စေရန်၊ ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်နှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူ ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိနားလည်နိုင်စေရေးနှင့် ပတ်သက်ပြီး ကလေးသူငယ်အခွင့် အရေး ဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်မှ အခြေခံမူ(၄)ရပ်နှင့် လိုက်နာရမည့် တာဝန်(၅)ရပ်၊ ဥပဒေ ပြဋ္ဌာန်းခြင်း၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း နှင့် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခံရခြင်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ လျှပ်စီးလပ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်နိုင်ထွန်းက မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတ များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်းမှ (Grade-10) ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)