မြဝတီခရိုင်ရုံး၌  စာပေချစ်မြတ်နိုးသူ အသင်းဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

မြဝတီ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များ စုပေါင်း၍ ယနေ့နံနက်၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာခင်မောင်အေးရေးသားသည့်“လူရယ်လို့ဖြစ်လာ လျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် စာရေးဆရာမောင်ရဲမာန်(မြဝတီ)က အဆိုပါစာအုပ်မှ “လိမ္မာသောသား သမီးတွေဖြစ်စေချင်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင်  စာရေးသူ၏ ဘယ်သူ့သားသမီးကတော့ လိမ္မာတယ်ဘယ်သူကတော့ဆိုးတယ်စသည်ဖြင့် အားလုံးကိုခြုံငုံကြည့်ပါက လူပေါ်မှာသာ မူတည်ပါတယ်၊ တော်တော်များများမှာတော့ အစစအရာရာ အဆင်ပြေတဲ့ ကလေးတွေဟာ ပိုပြီးလိမ္မာတာကို သတိပြုမိပါတယ်၊ ပတ်ဝန်းကျင်၏ ထိန်းသိမ်းမှု၊ ချုပ်ချယ်မှု၊  အလွန်အမင်း လွတ်လပ်မှုတွေ ဟာလည်း အကျိုးသက်ရောက်မှုတွေ  ရှိနိုင်ပါတယ်၊ အဓိကအားဖြင့် လူငယ်၊ လူရွယ်တိုင်းသည် မိမိရည်မှန်းချက်၊  မျှော်မှန်းချက်များ မလွဲမသွေရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပေး သည်။

ဆက်လက်၍ (Youth Club)အဖွဲ့ စာပေဝါသနာရှင် မသင်းသင်းက ထိုစာအုပ်မှပေးသည့် သင်ခန်းစာများသည် မိမိတို့အရွယ်လူငယ်များဘဝတွက် ခွန်အားတစ်ရပ်ဖြစ်စေကြောင်း၊ လူငယ်တိုင်း စာပေဖတ်ပါများမှသာလျှင် အမှား၊အမှန် ချင့်ချိန်သုံးသပ် ဝေဖန်ခွဲခြားနိုင်မည်ဖြစ်ကြောင်းနှင့် အောင်မြင်မှု ပန်းတိုင်ဆွတ်လှမ်းနိုင်မည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးပေးသည်။ ထို့နောက် တက်ရောက်သည့်  (Youth Club) အသင်းဝင် စာပေချစ်မြတ်နိုးသူများက ဆွေးနွေးအကြံပြုခဲ့သည့် ခေါင်းစဉ်အပေါ် သုံးသပ်ချက်အမြင်များဖြင့် ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)