စဉ့်ကိုင် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအနေဖြင့် ပြည်သူများ၊ လူငယ်၊ လူရွယ်များ သိရှိလိုက်နာစေရန် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင် ဓာတ်ပုံ များဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ YOUTH CLUB ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးတိုက်ကြည်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မူလစိတ်ကို ပြောင်းလဲစေပြီး မိသားစုပြဿနာများ ပေါ်ပေါက်နိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးကို သဘာ၀မူးယစ်ဆေးနှင့် ဓာတုဗေဒနည်းအရ ပြန်လည်ပြုပြင်ဖော်စပ်ထားသော ဆေးများရှိသည်။ အပြင်းစားနှင့် အပျော့စားဟူ နှစ်မျိုးခွဲခြားနိုင်ပြီး အပျော့စားမူးယစ်ဆေးမှာဆေးခြောက်ဖြစ်ပြီး အပြင်းစားမူးယစ်ဆေးများမှာ ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ စသည်တို့က အပြင်းစား မူးယစ်ဆေးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ကျရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပြင်းထန်စွာ စိုးရမ်ကြောင့်ကြမှုဖြစ်ခြင်း မိမိကိုယ်ကိုမိမိသတ်သေခြင်း၊ ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်နိုင်ခြင်းတို့ ဖြစ်တတ်သည့်အတွက် မူးယစ်ဆေးဝါးကို တစ်မ္ဘာလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအားလုံးကလည်း ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)