နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)၌ ကျင်းပသည်။
အခမ်းအနားသို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီးကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန်ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက လူချွန်လူကောင်းသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၃၂ ဒသမ ၅၀ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိရာ ယခုနှစ်အောင်ချက်ရာခိုင်နှုန်း တိုးလာသည်ကိုတွေ့ရှိရပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ သင်ကြားပေးခဲ့ကြသည့်ဆရာ၊ ဆရာမများ၊ ကြိုးစားခဲ့ကြသည့် ကျောင်းသား /ကျောင်းသူ များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရည်အသွေးရှိသည့် ဆရာ/ဆရာမများကသာ ထူးချွန်သောကျောင်းသား/ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရုံသာမက အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ပညာရေးသည် ဆရာကိုဗဟိုပြုပညာရေးမှသည် ကျောင်းသားဗဟိုပြုပညာရေးဘက်သို့ ပြောင်းလဲလာပြီ ဖြစ်ပါကြာင်း၊ ဆရာကတပည့်များအား ပိုချရုံသက်သက်ပညာရေးမျိုး မဟုတ်တော့ဘဲ စီစဉ်ကူညီ လမ်းညွှန်နည်းလမ်းပြသူ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို လေ့ကျင့်ပြုပြင်ပေးရသူများ ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် စနစ်သစ်ပညာရေးအကောင်အထည် ဖော်ဆောင်နေမှုများ၊ ပြောင်းလဲတိုးတက်လာသော ပညာရေးသဘောတရားများ၊ ပညာရေးမျှော်မှန်းချက်နှင့် ပန်းတိုင်များကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ ယခုစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း ရရှိနေသည့်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများဖြစ်လာစေရေးနှင့် အဆင့်မြင့်ပညာရပ်များကို ဆထက်တပိုးကြိုးစားသင်ယူသွားကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၂၀ ခုနှစ် ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သည့် တပ်ကုန်းမြို့နယ်၊ တောင်ပို့သာ အခြေခံပညာအထက်တန်းကျောင်းမှ အောင်ချက်အကောင်း ဆုံးဒိုင်းဆုအား ပြန်လည်လွှဲပြောင်းပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အောင်ချက်အကောင်းဆုံး ဆုရရှိခဲ့သည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်း အခြေခံပညာအထက်တန်းကျောင်းအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လေးဘာသာနှင့်အထက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးနိုင်ခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကိုချီးမြှင့်ပြီး ခြောက်ဘာသာဂုဏ်ထူး ရရှိကြသည့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်းအတွင်းဝန်တို့က ခြောက်ဘာသာ၊ ငါးဘာသာ၊ လေးဘာသာဂုဏ်ထူး ရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံး အစိုးရအထက်တန်းကျောင်းများနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကိုယ်စား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာတစ်နိုင်ငံလုံး Top(3)အဆင့်ရ ခြောက်ဘာသာဂုဏ်ထူးရှင် မရွှေခေတ်ပိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရကျောင်းများမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၂၆)ဦး၊ ငါးဘာသာ(၄၄)ဦး၊ လေးဘာသာ(၆၉)ဦး၊ သုံးဘာသာ(၂၉၁)ဦး၊ နှစ်ဘာသာ (၄၂၆)ဦး၊ တစ်ဘာသာ(၂၃၂၅)ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၃၁၈၁)ဦးရှိပြီး အောင်ချက်အကောင်းဆုံးဆုရ အစိုးရအထက်တန်း ကျောင်း သုံးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း စုစုပေါင်း ငါးကျောင်းနှင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်သုံးမြို့နယ်တို့ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)