ထားဝယ် ဇူလိုင် ၂၅
လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (Quick -Win Project)ဖြင့် ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(5) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးသူငယ်အခွင့်ရေးကို ကလေးများကိုယ်တိုင် နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်ရေးများ ရှိသလို ကလေးများ လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း သိရှိလိုက်နာတတ်ရန်၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားတတ် စေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြသူက ကလေးသူငယ်အခွင့် အရေးကိုယ်တိုင် သိရှိနားလည်ရေးခေါင်းစဉ်ဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေး (၄) ရပ်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးများ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်နိုင်ထွေးနှင့် ဒုတိယဦးစီးမှူး ဦးဇေလွင်ထက်တို့က ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် သဘာဝကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/ သတိပြုရန်/ ရှောင်ရှားရန် အချက်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ တာဝန်ခံ ဦးဝေဟင်စိုးက မူးယစ်အန္တရာယ် လူ့ရန်စွယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ်ကာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ကျောင်းသုံးဗလာစာအုပ်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည်(၂၀)ဘူးပါ (၁)ဖာအား ကျောင်းအုပ်ကြီးထံပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ရွှေပင်လယ်(ထားဝယ်)