မိုးညှင်း ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး သင်တန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က အသစ်ပြောင်းလဲ ပြဋ္ဌာန်းသည့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေအသစ်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင်ပို့ချခဲ့သော ဘာသာရပ်များဖြစ်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများ၊ လူကုန် ကူးမှုစိစစ်ဖော်ထုတ်သည့် ပုံစံဖြည့်သွင်းမှုနှင့် နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများစသည့် ဘာသာရပ်များကို နည်းပြအဖြစ် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်၊ ရဲအုပ်ဌေးဝင်းနှင့် ဒုရဲအုပ်စန်းစန်းသီတို့က သင်တန်းသား၊ သင်တန်းသူ (၄၈)ဦးအား သင်ကြားပို့ချခဲ့ရာတွင် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)