ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ဆင်ဘို  စက်တင်ဘာ  ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် အောင်ချမ်းသာရပ်ကွက်၊ ငွေဧရာအမြန်ရေယာဉ်အသင်းဂိတ်ရုံး၌ စောင့်ဆိုင်းကာ ခရီးသွား ပြည်သူများအား တာဝန်ရှိသူများမှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆင်ဘိုမြို့ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့် မြို့ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအား ခရီးသွားပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးခဲ့ကြပြီး အမြန် ရေယာဉ်ပေါ်သို့ မတက်မီနှာခေါင်းစည်း တပ်ဆင်စေခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခွာကာ လိုက်ပါစီးနှင်းစေခြင်း၊ တစ်ဦးခြင်းစီ၏ ခရီးသွားကိုယ်ရေး မှတ်တမ်းများ ထားရှိစေခြင်းများကို အမြန်ယာဉ် မောင်းများနှင့် ခရီးသွားပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး ဆောင်ရွက် စစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ဆင်ဘိုမြို့၏ အဓိက ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် ရေလမ်းကြောင်းအတွင်း ပြေးဆွဲနေသည့် ဆင်ဘိုမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသည့် ငွေဧရာအမြန်ရေယာဉ် အသင်းနှင့် ဆင်ဘိုမြို့မှ ဗန်းမော်မြို့သို့ ပြေးဆွဲနေသည့် အင်းလေးဘုတ် စက်လှေအသင်းများအား စက်တင်ဘာ ၁၀ ရက်နေ့မှစပြီး(၂) ရက်ခြား (၁)စီးသာ ထွက်ခွာခွင့်ပြုထားကြောင်း မြို့ကိုဗစ်-၁၉ရောဂါ အရေးပေါ် တုံ့ပြန်နိုင်ရေး ကော်မတီထံမှ သိရသည်။

စိုးမိုးကျော်(ဆင်ဘိုပြန်/ဆက်)