မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်၏ ပထမအကြိမ် စာပေစကားဝိုင်းနှင့် စာတမ်းဖတ်ပွဲကျင်းပ

ရွှေပြည်သာ ဇူလိုင် ၂၅

မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်၏ ပထမအကြိမ် စာပေစကားဝိုင်းနှင့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်း မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ မယဉ်မွန်(ကျုံပျော်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသင်းနာယကကြီးများဖြစ်ကြသော ဆရာကြီးနိုင် ဘောဂလှဝင်း၊ ဆရာကြီး မောင်မောင်အုန်း(လယ်ဝေး)နှင့် ဆရာကြီးမော်ကျွန်းစိုးမြင့်တို့က ဩဝါဒစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသင်းတွဲဘက်အတွင်းရေးမှူး ဓမ္မဝိရ-သန္တာမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆရာမ မယဉ်မွန်(ကျုံပျော်)၏မိုးထက်မြင့်သော မေတ္တာရသဝတ္ထုတိုကို ဆရာမ တင်စန္ဒာက ဖတ်ကြားပြီး ဆရာချိုပန်းချီ(ပညာရေး)နှင့် ဆရာနောင်အံ့လူတို့က အကြံပြု ဆွေးနွေးခဲ့ကြကာ ကဗျာဆရာနောင်အံ့လူမှ လူဟူသောလူ၊ ပိုင်ဆု(ပညာရေး)က စိတ်အသေများစသည့် ကဗျာများကို ရွတ်ဆိုခဲ့ကြပြီး ဆရာကာတွန်းကြည်ဝင်းနှင့် ဆရာစွမ်းစေ(ခရမ်း)တို့မှ လှူဒါန်းသည့်စာအုပ်(၁၂)အုပ်ကို ဆရာမနှင်းကေသရီ(မိုးကုတ်)မှ စာ‌ပေအသင်းရုံးသို့ ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းနာယကကြီး မောင်မောင်အုန်း (လယ်ဝေး)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း