ပြည် ဇူလိုင် ၂၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည် တက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပသော ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ အားကစားပြိုင်ပွဲ၏ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘူမိဗေဒ (အထူးပြု) ဘာသာရပ်အသင်းက သင်္ချာ(အထူးပြု) ဘာသာရပ်အသင်းအား ၇ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုတံခွန်စိုက်ဖလား ဗိုလ်စွဲရရှိကာ သင်္ချာ(အထူးပြု) ဘာသာရပ်အသင်းက ဒုတိယဆုနှင့် ပထဝီ(အထူးပြု) ဘာသာရပ်အသင်းက တတိယဆုတို့ကို အသီးသီးရရှိခဲ့သည်။ အလားတူ အမျိုးသမီးဖူဆယ် ဘောလုံး ပြိုင်ပွဲတွင် ပထမဆုကို သတ္တဗေဒ(အထူးပြု) ဘာသာရပ်အသင်း၊ ဒုတိယဆုကို ရူပဗေဒ(အထူးပြု) ဘာသာရပ်အသင်းနှင့် တတိယဆုကို သန္တာဆောင်အသင်းတို့က အသီးသီး ရရှိခဲ့သည်။
အဆိုပါ ဆုအသီးသီး ဆွတ်ခူးရရှိခဲ့သော အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး အသင်းများမှ တစ်ဦးချင်းအကောင်းဆုံး ဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု အစရှိသည့် တစ်ဦးချင်း အကောင်းဆုံး အားကစားသမားဆုများနှင့် ပထမဆုတံခွန်စိုက် ဖလားဆုတို့ကို ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက အသင်းအလိုက် အားကစားသမားများထံ ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြည်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကို ပြည်တက္ကသိုလ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အထူးပြု ဘာသာရပ်ပေါင်းစုံမှ အမျိုးသားအသင်း(၁၀)သင်းနှင့် အမျိုးသမီးအသင်း(၃)သင်း၊ စုစုပေါင်း (၁၃)သင်းတို့ဖြင့် ဇူလိုင် ၂၀ ရက်မှ ၂၅ နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်ရေးနှင့် ကျောင်းစာအပြင် ကာယ၊ ဉာဏစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲအပါအဝင် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။
ကိုဆက်