ဟိုပန်၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

ဟိုပန် ဇူလိုင် ၂၅

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးက ကြီးမှူးကျင်းပသည့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက် ရှင်းလင်းပွဲကို ယနေ့နေ့လည် (၁၁)နာရီက ဟိုပန်မြို့နယ် တရားရုံး၌  ကျင်းပပြုလုပ်ခဲ့သည်။

 

မိတ်ဆက်ရှင်းလင်းပွဲတွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီး ဦးလှိုင်မျိုးအောင်က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် တရားရုံးတွင် တရားမမှုစွဲဆိုပြီးနောက် နှစ်ဖက်အမှုသည်များအကြား အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အကူအညီရယူ၍ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် ကျေနပ်လက်ခံနိုင်သည့် သဘောတူညီမှုရရှိစေသည့် နည်းလမ်းဖြစ်ပါကြောင်းနှင့် ယခုစနစ်ကို တစ်နိုင်ငံလုံးတွင် ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍ ကျင့်သုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ တရားမကြီးမှုများနှင့် ပတ်သက်၍ စေ့စပ်​ဖြေရှင်းရေးဌာနကို တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားရှိကာ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဟိုပန်မြို့နယ်တရားသူကြီး ဦးအောင်မျိုးသန်းက စေ့စပ်ဖြေရှင်းရေးစနစ်ကို အသုံးပြုခြင်းဖြင့်အမှုသည်များအား စိတ်ကျေနပ်မှုမြင့်မားစေနိုင်ခြင်း၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာလာခြင်း၊ အမှုသည်များကိုယ်တိုင် လွယ်ကူစွာပါဝင်နိုင်ခြင်း၊ အမှုသည်များအကြားဆက်ဆံရေး တိုးတက်ကောင်းမွန်စေနိုင်ခြင်းနှင့် အချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထားခြင်းစသည့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရှေ့နေများက တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်နှင့်ပတ်သက်သည့် သိရှိလိုသည်များမေးမြန်းခဲ့ရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီးနှင့် ဟိုပန်မြို့နယ်တရားသူကြီးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)