အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (၃/၂၀၂၂) တွံတေး၌ဖွင့်

တွံတေး ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (တွံတေး) တွင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ငါးလုပ်ငန်းနှင့် သက်ဆိုင်သောပညာရပ်များ သင်ကြားရန်အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသား ဖောက်ခြင်းနည်းပညာပေးသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးတင်ထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (တွံတေး) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းရာတွင် နိုင်ငံအတွင်းမှီတင်နေကြသောပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် ပြည်သူများလက်ဝယ်ရှိသေချာသည့် ကုန်ထုတ်လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေး ကိုအခြေခံသောကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သမရိုးကျမိရိုးဖလာနည်းများအစား ခေတ်မီနည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်၊ တိုးတက်လာသော လူဦးရေအတွက် ငါးရိက္ခာများဖြည့်တင်း ဆောင်ရွက်နိုင်ရေး၊ ငါး /ပုဇွန်ထုတ် လုပ်ရေးကဏ္ဍတိုးမြှင့်​ဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား အမြန်ဆုံးကုစားသွားမည်ဖြစ်ရာ အလျင်အမြန်အကျိုးဖြစ်ထွန်းမည့် စီးပွားရေးလုပ်ငန်းများအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ကာလတိုအတွင်း အကျိုးအမြတ်ရရှိမည့် လုပ်ငန်းတစ်ခုဖြစ်၍ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်းတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ငါးမွေးမြူရေးလုပ်ငန်း အရပ်ရပ်ကို စိတ်ဝင်စား၍ လေ့လာနေသူများ၊ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရန်စီမံနေသူများ၊ ငါးမွေးမြူရေးလုပ်ကိုင် လိုသူများပါဝင်နေသည့်အတွက် ရေချိုငါးများကို ဆေးထိုးသားဖောက် ထုတ်လုပ်ခြင်းနှင့် အခြေခံငါးမွေးမြူရေးကို စာတွေ့၊ လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျလေ့လာ မွေးမြူနိုင်ရန်အတွက် သင်တန်းသားများ ကြိုးကြိုးစားစား သင်ယူကြရန်ပြောကြားကာ သင်တန်းသား /သင်တန်းသူများက တစ်ဦးချင်းမိတ် ဆက်ခဲ့သည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

ထို့နောက် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ တွံတေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းတို့က  ငါးလုပ်ငန်းအတတ် သင်သိပ္ပံ (တွံတေး)  ကျောင်းအတွင်း ငါးသားဖောက်ဖောက်လုပ်ထားမှု၊ ရေချိုသဘာဝငါးမြင်းအားစမ်းသပ်သား ဖောက်အောင်မြင်နေမှုအား ကြည့်ရှု လေ့လာရာ ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ယခုသင်တန်း(/ ၂၀၂.)  သင်တန်းသား / သင်တန်းသူ (၂၀) ဦးကို ဘာသာရပ် ( ၁၀) မျိုးဖြစ်သည့် မြန်မာနိုင်ငံငါးမွေးမြူရေး သမိုင်းကြောင်းနှင့် ငါးသားဖောက်ခြင်း၊ ငါးသား ဖောက်ပြုစုနည်း၊ ငါးအစာနှင့်အာဟာရ၊ ရေအရည်အသွေးထိန်းသိမ်းခြင်း၊ ကန်ပြင်ဆင်ခြင်း၊ ရေသတ္တဝါမွေးမြူရေးနှင့် စားပင်သီးပင်တွဲဖက် မွေးမြူစိုက်ပျိုးခြင်း၊ ငါးရောဂါ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ရေချိုအလှမွေးငါးများ မွေးမြူသားဖောက်ခြင်း၊ ငါးသက်တမ်းနှင့် အထီးအမခွဲခြားခြင်း၊ ငါ၏ဘေးထွတ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပိုက်ထိုးပိုက်ဖာခြင်းများကို ဇူလိုင် (၂၅) ရက်နေ့မှ ဇူလိုင်(၃၀)  ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းနည်းပြ ဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မျိုးလှိုင်( တွံတေး)