ပွင့်ဖြူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့တွင်းဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်မှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း၍ ဓာတ်အားလိုင်းကြိုးများနှင့် ကြွေသီးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည်များကို ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်း ၊ မြို့တွင်းတပ်ဆင်ထားရှိသော On - Load – Tap Changer Transformer များ Controller ပုံမှန်အလုပ်လုပ်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲကြသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းဝေးစေရေး ၊ ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် ရေးစစ်ဆေးခြင်း ၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် တစ်မြို့နယ်လုံး ကျေးရွာပေါင်း ၂၀၅ ရွာ ရှိသည့်အနက် ကျေးရွာ(၁၇၆)ရွာအား ဒေသခံကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးစေရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )