ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်း ခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

မောင်တော ဇူလိုင် ၂၅  

ရခိုင်ပြည်နယ် မောင်တောမြို့၌  ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ကညင်ချောင်းစီးပွားဇုန် တွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဆန်းလှိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ပို့ဆောင်လျက်ရှိသည့် ကုန်တင်စက်လှေများမှ စက်လှေသမားများ ၊ကုန်တင် ကုန်ချ အလုပ်သမားများအား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်း ၊တောင်ကျချောင်းရေများ အရှိန်ပြင်းစွာ စီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း စသည့်တို့ ဖြစ်ပွားလာလျှင် ရေလမ်းကြောင်း ခရီးသွားပြည်သူများ အနေဖြင့် ရေယာဉ်တိုက်မှုများ၊ တိမ်မှောက်မှုများ ဖြစ်ပေါ်လာနိုင်လာသဖြင့် မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်းကမ်းပါးများ အနီးတွင် နေထိုင်ကြသော ပြည်သူများ ၊ ပင်လယ် ၊ မြစ် ၊ ချောင်း များတွင် သွားလာနေသော ရေယာဉ်များ အသက်ကယ်ဝတ်စုံ (Life Jackets)ထားရှိရေး၊ လုပ်သားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး၊ လက်တွေ့သရုပ်ပြ ဝတ်ဆင်မှုများနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သက်လွင်စိုး၊ ခရိုင် (ပြန်/ဆက်)