ထန်တလန်မြို့တွင် သောက်သုံးရေ ပိုမိုရရှိရေးအတွက် အနက်ပေတစ်ရာအထက် တူးဖော်နိုင်သော တွင်းတူး စက်ကြီးဖြင့် တူးဖော်

ထန်တလန်  စက်တင်ဘာ  ၁၀

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရရှိစေရေးအတွက် အနက်ပေ တစ်ရာအထက် တူးဖော်နိုင်သော တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။

ရေအခက်အခဲ ဖြစ်ပေါ်နေသော ထန်တလန်မြို့၌ ရေရှည်ကာလများတွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ရေတွင်းတူးစက်ကြီးဖြင့် ထန်တလန်မြို့ရှိ မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်တို့တွင် စက်ရေတွင်း (၁)တွင်းစီ တူးဖော် ပေးသွားမည်ဖြစ်ရာ ယခုအခါ အမှတ်(၁) ရပ်ကွက်တွင်  တွင်းတူးစက်ကြီးဖြင့် တူးဖော်ပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်များကိုလည်း စက်ရေတွင်းနက် တစ်တွင်းစီကို ဆက်လက်တူးဖော် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုတူးဖော် ပေးလျက်ရှိသည့် စက်ရေတွင်းတစ်တွင်းလျှင် တစ်ရက်ပျှမ်းမျှ ရေဂါလံထောင်နှင့်ချီ ထွက်ရှိနိုင်မည်ဖြစ်ပြီး  အဆိုပါမြို့ပေါ်ရှိ ဒေသခံပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ များကို ရာသီမရွေး၊ အချိန်ကာလမရွေး သုံးစွဲနိုင်တော့မည်ဖြစ်သဖြင့် ရေအခက်အခဲများ အဆင်ပြေ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)