တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မြေသားတာဘောင်နိမ့်ကျမှုအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် မြို့များအား “CLEAN CITY၊GREEN CITY" ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ် ရှေ့မျက်နှာစာတစ်လျှောက် စုပေါင်းရှင်းလင်းနေမှုနှင့် ဈေးချောင်း ချောင်း (ဇီဇဝါတံတားမှ အကျဉ်းဦးစီးဌာနရှေ့ထိ) ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး အလေးထား ဆောင်ရွက်ရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မိုးရွာသွန်းမှုကြောင့် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်ကားလမ်းမိုင် (၄၅/၃-၄၅/၄)၊ (၄၉/၃-၄၉/၄)၊ (၅၀/၄-၅၀/၅) နှင့် မိုင် (၅၀/၅-၅၀/၆) အတွင်း လမ်းဘေးမြေသားတာဘောင် နိမ့်ကျမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးက လမ်းနိမ့်ကျပျက်စီးမှု အခြေအနေများနှင့် မြေသားတာဘောင် ပဲ့ကျသည့်နေရာများတွင် ကတ္တရာပေပါခွံအား သဲဖြည့်၍ မျှောရိုက်ပြီး ယာယီထိန်းသိမ်း တည့်ဆောက်မည့်ပုံစံအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကားလမ်းမပျက်စီးရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ တင်ပြ၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေရှည်ခိုင်ခံမှုရှိစေရေး အတည်ပြု ဒီဇိုင်း ပုံစံရရှိပါက မြေထိန်းနံရံ ပြုလုပ်သွားရန်ပြောကြားပြီး မြေသားတာဘောင်နိမ့်ကျမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် ကျောင်းကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးတို့၌ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ဖြည့်သွင်း ခြင်းအား ကြည့်ရှုစစ်ဆေးပြီး အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)