မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေး

ရေနံချောင်း ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ -၆၆ /၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို  ရေနံချောင်းမြို့၊ ရေနံမြေလုပ်သားခန်းမတွင် ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက  လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ နိုင်ငံသားကိုယ်ရေး မှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software Program အသုံးပြုကာ ထည့်သွင်းသည့် လုပ်ငန်းများကို ရက်ပေါင်း (၆၀) အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် တစ်ခါသုံး နှာခေါင်းစည်း Mask နှင့် Handgel များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း(၄၀၉၄၀)ခု၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ၊ ဦးစီးမှူး ဦးတင်အောင်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်း(၅)ဦးနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်း(၂၀)ဦး၊ စုစုပေါင်း(၂၅)ဦးတို့မှ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ရေးသွင်းပြီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ