ပွင့်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးလက်အောက်ရှိ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ နေ့စားလျှပ်စစ်ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မင်းဘူးခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သင်တန်းကိုဖွင့်လှစ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့်ဝန်ထမ်းများက နေ့စားဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၄၅ ဦးအား ဘဏ္ဍာရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများကို စာတွေ့လက်တွေ့စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ နေ့စားဝန်ထမ်းများ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းကို ဝန်ထမ်းတစ်ဦးချင်းအလိုက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် သင်ကြားပို့ချသည့်ဘာသာရပ်များအပေါ် လက်တွေ့ဆန်းစစ်ခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ(၂)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )