မြင်းခြံ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်(၂၀) လုံးအား ယနေ့မှ စတင်ကာ ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၈) ဦးထိရှိနေပြီး ပိုးတွေ့ လူနာ အများဆုံး တွေ့ရှိသည့် အမှတ်(၆) ရပ်ကွက်အား Lock Down ချထားလျက် ရှိပြီး ကျန်ပိုးတွေ့လူနာ တွေ့ရှိ သည့် ရပ်ကွက်များကိုလည်း ပိုးတွေ့ရှိသူနေအိမ်အနီး လမ်းများအား အသွားအလာ ကန့်သတ် ထားလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြင်းခြံမြို့ အမှတ်(၁) ရပ်ကွက်မှစတင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြင်းခြံနာရေးကူညီမှုအသင်း၊ မန္တလေးမြို့ ရင်ဘတ် တူညီနောင် ပရဟိတအသင်းတို့ ပူးပေါင်းကာ မြင်းခြံမြို့ပေါ်ရပ်ကွက် (၂၀) လုံးအား ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းတွင် မြင်းခြံမြို့ အဖြူရောင်လက်များ ပရဟိတအသင်းကလည်း ရပ်ကွက်များအတွင်း လိုက်လံဖျန်းပေးလျက်ရှိသည်။
မြင်းခြံမြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်မထွက်ရန်၊ အိမ်အပြင် ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန် စသည့်လိုက်နာရန် အချက်များကို အသံချဲ့စက်များဖြင့် နေ့စဉ် လိုက်လံအသိပညာပေး လုပ်ငန်းများကို အမြဲမပြတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)