မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလ တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၅၄၅) ဦးအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ များအတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆၃၅၀၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံဖြစ်သူ ဒေါ်တင်တင်သော်နှင့် တာဝန်ရှိသူများက ရပ်ကွက် (၂၀)  ၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ 

အဆိုပါထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှစတင်၍  ရပ်ကွက်(၂၀) ရှိ အသက်(၈၅) နှစ်နှင့် အထက်  ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)