သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

သရက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အနောက်ရပ် မြောက်ပိုင်းရပ်ကွက်၊ မွန်းလွဲ(၁)နာရီတွင် ဇော်ဂျီရပ်ကွက်၊ ညနေ(၃)နာရီတွင် အ.မ.က (ချင်းကျောင်း)တို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍   အဘိတ်ဆေးခတ် ပေးခြင်း၊ ပိုလောက်လမ်းများ မရှိစေရေး ရေလှောင်ကန်များ ရေပုံးများ၊ မိုးရေဝင်နိုင်သည့် အိုခြမ်းပဲ့၊ တာယာ ကွင်း၊ ဘုရားပန်းအိုးများ စသည့်ခြင်ပေါက်ဖွားနိုင်သည့် နေရာ များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရပ်ကွက်အတွင်းနေအိမ်များရှိ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး မြို့နယ် ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က သွေလွန်တုပ်ကွေး လက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရာများကို အသိပညာပေး ပြောကြားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်း စာစောင်များအား ကျန်းမာရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)