ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဟားခါး  စက်တင်ဘာ  ၁၀

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (ဆေးဝါးဓာတ်ခွဲ) ဒေါ်မွန်မွန်ခိုင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျ တပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဝါးအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် ဆေးဝါးပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်ပူးပေါင်းကော်မတီအဖွဲ့များတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက် များရှိ ဆေးဝါးအရောင်းဆိုင် (၈) ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီးနောက်  ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်များ နှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဟားခါးမြို့တွင် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)