သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

သရက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီးသရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ မွန်းလွဲ(၁)နာရီက ဇော်ဂျီရပ်ကွက်နှင့် ညနေ(၃)နာရီတွင် အ.မ.က (ချင်း ကျောင်း)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍   အဘိတ်ဆေးခတ်ပေးခြင်း၊ ပိုလောက်လန်းများ မရှိစေရေးရေလှောင်ကန်များ ရေပုံး များ၊ မိုးရေဝင်နိုင်သည့် အိုခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုးများ စသည့်ခြင်ပေါက်ဖွားနိုင်သည့် နေရာများအားဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ရပ်ကွက်အတွင်းနေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က သွေလွန်တုပ်ကွေး လက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများအကြောင်းနှင့် သွေး လွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရာများကိုအသိပညာပေးပြောကြားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များအား ကျန်းမာရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)