ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီ များမှ ဝင်ရောက်အရွေးချယ်ခံမည့် အမှတ်(၁) နှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စား လှယ်လောင်း များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဇော်က မြို့နယ်အတွင်း ဝင်ရောက်အရွေးချယ်ခံမည့် နိုင်ငံရေးပါတီများအနေဖြင့် မဲစွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ချမှတ်ပေးထားသော လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဝင်ရောက်အရွေးချယ်ခံမည့် နိုင်ငံရေး ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဇော် နှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကအသီးသီး ပြန်လည် ဆွေးနွေး ပေးခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ စသည်ဖြင့် ပါတီ (၆) ခုမှ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း (၈) ဦး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်း(ရခိုင်တိုင်း ရင်းသားလူမျိုး) (၆) ဦး နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်း (ကရင်တိုင်းရင်းသားလူမျိုး) (၇) ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၂၆) ဦးတို့မှ ဝင်ရောက် အရွေးချယ်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)