မြေပုံ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အ ထ က(မြေပုံ)ကျောင်း ဦးစိန္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အ ထ က(မြေပုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး မောင်လှခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစံညွန့်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အခန်းတို့ပါ အချက်အလက်များ ၊ ကုန်စည်တွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် ပါဝင်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖေါ်ပြရမည့် အချက်များကို ကျောင်းသား/သူများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မျိုးဆွေက လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည် ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)