သံတွဲမြို့၌ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

သံတွဲ ဇူလိုင် ၂၂

သံတွဲခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၈ နာရီက ငပလီမြို့ ဂျိတ္တောရပ်ကွက် ကမ်းခြေတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ပြည်သူလူထုများအား မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည့်အစီအမံများနှင့် မုန်တိုင်းဘေး အန္တရာယ် အရောင်အဆင့်ဆင့်သတ်မှတ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် ပြောင်းလဲမှုအား သံချဲ့စက်များဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ ပြည်သူများအား အသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကြိုတင် ကယ်ဆယ်ရေး စခန်းစုရပ်များသို့ ပြောင်းရွေ့ပေးနေမှုတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြကြပြီး မုန်တိုင်း အညိုရောင်အဆင့်တွင် ဘေးလွတ်ရာ စုရပ်နေရာများ၌ သံတွဲခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ပြီးနောက် သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့် ကပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်အတွက် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မုန်တိုင်းမကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီး စာရွက်စာတမ်းများ၊ အိုးအိမ်နှင့် ငါးဖမ်းပိုက်လှေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မုန်တိုင်းအပြီး မြေပြင်၊ ရေပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)