အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားနိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက်

အုတ်တွင်း ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီအချိန်က သာဂရအုပ်စု၊ ချစ်ကြည်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ် စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက သုံးသီးစိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်းစီဝင်ငွေ ပိုမိုတိုးတက်ရရှိနိုင်ရေး၊ ရွှေခရုကျရောက်မှု့ ကာကွယ်နှိမ်နင်းရေး၊ မျိုးကောင်း၊ မျိုးသန့်ပိုမိုသုံးစွဲရေးနှင့် ပတ်သက်၍လည်းကောင်း  ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ ဒေသခံတောင်သူများအား ငါးအမိုင်နိုအက်ဆစ် ပြုလုပ် နည်းကိုလက်တွေ့ သင်ကြားပြသပေးခဲ့ကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆန်းငြိမ်းဇော်က လယ်ယာမြေကဏ္ဍများနှင့် လယ်ယာမြေဥပဒေများအားလည်းကောင်း ဆည်မြောင်းဦးစီးဌာနမှ AE ဦးအောင်မြချိုက  စိုက်ပျိုးရေပေးဝေမှု အခြေအနေများအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍအသီးသီးအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)