ဖျာပုံမြို့၌( ၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး​​ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်သည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖျာပုံခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး နာယက ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းကဆွေးနွေးပြောကြားပြီး၊ ဖျာပုံခရိုင် အဆို၊ အက၊ အရေး၊ အတီး တာဝန်ခံ ရေဒီယိုနှင့် ဓာတ်ပြားအဆိုတော် ညိုမြလေးက ခရိုင်အတွင်းရှိ စာပေဂီတဝါသနာရှင်များ အနေဖြင့် ပြိုင်ပွဲအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများ၊ ပြိုင်ပွဲဝင်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေ၊ ဂီတဝါသနာရှင်များနှင့် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များအား​ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)