ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများ မိသားစုဝင်ငွေ ရရှိ

ဆိပ်ဖြူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ဥယျာဉ်ခြံမြေစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်သော ဌက်ပျောသီးများ ရောင်းချ ခြင်းဖြင့် မိသားစုဝင်ငွေရရှိကြကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ရခိုင်မျိုး၊ ငှက်ပျောချဉ်နှင့် ဖီးကြမ်းငှက်ပျောစသည့် ငှက်ပျောပင်များကို ဥယျာဉ်ခြံစနစ်ဖြင့် စနစ်တကျ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြပြီး ဖီးကြမ်းငှက်ပျောမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ဝါတွင်းကာလနှင့် အလှူအတန်းပေါများသည့် နွေရာသီကာလများတွင် အများဆုံးရောင်းချရပြီး အခြားသောအချိန်ကာလများတွင် ပုံမှန်စားသုံးသူများထံသာ ရောင်းချရကြောင်း လက်ရှိအချိန်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးကို အနည်းဆုံးငွေကျပ်(၁၃၀၀)မှ အများဆုံး(၈၀၀) အထိ ဖောက်သည်စနစ်ဖြင့် ရောင်းချနေရကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း ငှက်ပျောသီး၏ အလုံးရေအနည်းအများနှင့် အကြီးအသေးတို့အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားလျက်ရှိကြောင်း၊  မိမိဒေသ ငှက်ပျောခြံများမှ ထွက်ရှိသော  ငှက်ပျောတက်များကို ပျိုးပင်အဖြစ် ပြန်လည် အသုံးပြုခြင်းဖြစ်ပြီး ပျိုးပင်တစ်ပင်နှင့် တစ်ပင်အကြား အနည်းဆုံးလေးပေ (သို့မဟုတ်)ခြောက်ပေ အကွာစီဖြင့် အတန်းလိုက် စနစ်တကျ ရေသွင်းစိုက်ပျိုးကြကြောင်း၊ ယခုနောက်ပိုင်းတွင် ဥယျာဉ်ခြံစနစ်ဖြင့် ငှက်ပျောစိုက်ပျိုး လုပ်ကိုင်သူများအနေဖြင့် အာစီယမ်သပြေပန်းများကို ထည့်သွင်းစိုက်ပျိုးလာကြပြီး ငှက်ပျောသီးရောင်းရငွေအပြင် သပြေပန်း ရောင်းရခြင်းဖြင့်လည်း နေ့စဉ် အပိုဝင်ငွေ ရရှိလျက်ရှိကြကြောင်း ငှက်ပျောစိုက်ပျိုးလုပ်ကိုင်သူများ၏ ပြောပြချက်များအရ သိရသည်။

ငှက်ပျာသီးသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာတစ်မျိုးဖြစ်ပြီး အလှူအတန်းများပြုလုပ်ခြင်း၊ ဧည့်သည်များအား တည်ခင်းဧည့်ခံခြင်းနှင့် မိသားစုသရေစာအဖြစ် စားသုံးခြင်းတို့အတွက် အများဆုံးဝယ်ယူ အသုံးပြုလျက်ရှိကြရာ ဆိပ်ဖြူမြို့နယ်တွင်  ငှက်ပျောပင်များကို ဥယျာဉ်ခြံမြေစနစ်ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်သူများ မိသားစု အပိုဝင်ငွေရပြီး အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)