ဆင်ပေါင်ဝဲမြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆင်ပေါင်ဝဲမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မစျေးရှိ ဆေးဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ အိမ်ဆေးဆိုင်များတွင်ဆေးဝါးနှင့် ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်‌ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာစိုင်းမင်းသူထွန်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးနိုင်ဦးနှင့် ပူးပေါင်းအဖွဲ့များက ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မစျေးရှိဆေးဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ အိမ်ဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ၊ တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများမရောင်းချရန်နှင့် ကောင်းမွန်သော ဆေးဝါးသိုလှောင်မှု ရှိ/မရှိ စျေးကွက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)