အိမ်မဲမြို့နယ်တွင် မြို့နယ်အဆင့်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

အိမ်မဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယနေ့နံနက် ၅ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကသာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အိမ်မဲမြို့နယ် ဌာနဆိုင်ရာ(၃၃)ဌာနမှ ဘုန်းကြီးကျောင်း (၂၁)ကျောင်းအား ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးမှ အနုမောဒနာ တရားများဟော ကြားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓ သာသနံ စီရံတိဌတု” (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)