ပုသိမ် ဇူလိုင် ၂၂
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှု၀န်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို (၁)နှစ်လျင် (၈)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခု(၂/၂၂-၂၃) သင်တန်းကို (၁၃.၆.၂၀၂၂ မှ ၂၂.၇.၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်း ဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ပုသိမ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီး၊ တိုင်းလူမှု၀န်ထမ်းရုံး ညွှန်ကြားရေးမှူးဒေါ်နော်သဝါးမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူနှစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူများထဲမှ ထူးချွန်ကျွမ်းကျင်သော သင်တန်းသူအား ထူးချွန်ဆုအဖြစ် “အပ်ချုပ်စက်” (၁)လုံး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထူးချွန်ဆုရသင်တန်းသူမှ သင်တန်းသူများ ကိုယ်စား ကျေးဇူးတင် ၀မ်းသာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင် လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်စေရန်နှင့် အမျိုးသား၊ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဘာသာရပ်(၁၅) မျိုး သင်ကြားပေးလျက်ရှိရာ ဘာသာရပ်များထဲမှ မိမိတို့စိတ်၀င်စားသည့် ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်ပြီး၊ သင်တန်းအပတ်စဉ် (၁)ခုလျှင် (၁)လခွဲ သင်ကြားပေးလျက် ရှိကြောင်းနှင့် ယခု(၂/၂၂-၂၃) သင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း (၈၃)ဦး တက်ရောက် ခဲ့ကြကြောင်းသိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်ဆက်)