ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့်အတူ ယမန်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက် ၍ ယူရီးယား ဓာတ်မြေသြဇာထွက်ရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယူရီးယားထုတ်လုပ်သည့် နေရာ(prilling tower) တွင် ယူရီးယားထွက်ရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ယူရီးယားသိုလှောင် ရုံသို့ သွားရောက်၍ ယူရီးယား ထုတ်ပိုးသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယူရီးယား ဓာတ်မြေသြဇာများ ထွက်ရှိလာပြီဖြစ်၍ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စိုက်ပျိုးရေးအတွက် များစွာ အထောက်အကူရမည်ဖြစ်ပါကြောင်း၊ စက်ရုံစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင် ရေး ကြိုးစားကြစေလိုကြောင်း၊ ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်ပြီး စနစ်တကျ သိုလှောင်ထားရှိကာ အဆင်သင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာ ကြားခဲ့သည်။
အမှတ် (၅) ဓာတ်မြေဩဇာ စက်ရုံသည် စက်ရုံနှစ်ပတ်လည် စက်ပြုပြင်မှု (Annual Shutdown) လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ယခုလ ၁၃ ရက်နေ့တွင် သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်လည်ပတ်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် ယူရီယားစတင်ထွက်ရှိခဲ့ပြီး တစ်နေ့လျှင် ယူရီယားတန် ၃၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)