ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဖာကေကျေးရွာအုပ်စု အတွင်းရှိ မသန်စွမ်း ပြည်သူများနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ ကျပ်စီကို ယနေ့နံနက် ၉ နာရီခန့်မှစတင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 21,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၉) နာရီခွဲအချိန်မှစတင်ပြီး လမ်းသွားလမ်းသာ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော သစ်ပင်များ ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2020
ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝင်ငွေတိုးစေရေး၊ စည်ပင်သာယာရေး ဉပဒေနှင့်အညီ ကားကြီးဝင်း ကားအဝင်၊အထွက် စည်းကမ်းတကျ လိုက်နာနိုင်စေရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဟားခါးမြို့၊ ဟားခါး-ဂန့်ဂေါလမ်း ကားကြီးဝင်း အတွင်း ဝင်ရောက်သည့် ကားနှင့်ဆိုင်ကယ် ဝင်ကြေးများကို စက်တင်ဘာလမှ စတင်ကောက်ခံခဲ့ကြောင်း သိရသည်။
Sep 21,2020
ဟားခါးမြို့နယ် ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး သွပ်မိုး(၁၅)ချပ်ခန့် အမိုးလန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Sep 21,2020
ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ချင်းပြည်နယ်ဘောလုံး အားကစား တိုးတက်စေရန်နှင့် ကိုဗစ်-၁၉ ကာလ ကျန်းမာကြံ့ခိုင်ပြီး လှုပ်ရှားမှုများပြုလုပ်နိုင်ရန် Online တစ်ဦးချင်း အမျိုးသားဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲနှင့် အမျိုးသမီးအမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Sep 21,2020
အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုကို ဖလမ်းမြို့၌ ယမန်နေ့ နံနက်ပိုင်းက လှုပ်ခတ်သွားပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Sep 21,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၇ နာရီက တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
Sep 21,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမအုပ်စု၊ အင်ကောမကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန် အုပ်စု၊ ကရန်ယန် ကျေးရွာတို့တွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်းလမ်းအတက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများမှာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။