ပွင့်ဖြူမြို့နယ်ရှိ ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက်သီတင်းသုံးတော်မူရာ ရုံလေးရုံဘုရား (အောင်မြေလေးနေရာ)သို့ ပြည်တွင်း ၊ ပြည်ပဘုရားပြည်သူများကို တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်စေချင်

ဆောင်းပါး

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက် သီတင်းသုံးတော်မူခဲ့သည့် သာသနာ့သမိုင်းဝင် ရုံလေးရုံဘုရား(အောင်မြေလေးနေရာ)တည်ရှိ၍ ထူးခြားလှသည့်နေရာဒေသ တစ်ခုဖြစ်သည့်အတွက်  အနယ်နယ်အရပ်ရပ်မှ  ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးပြည်သူများအနေဖြင့် တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်စေချင်သည့်ဆန္ဒဖြင့် ရေးသားလိုက်ရပါသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး သဘာဝအတိုင်း တည်ရှိသော မုန်းချောင်းရေ တစ်သွင်သွင် ရစ်ခွေစီးဆင်းနေ၍ စိုက်ပျိုးရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းကာ ရာသီဥတု မျှတကောင်းမွန်ပြီး သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သော အေးချမ်းလှသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း မကွေး ၊ မင်းဘူး ၊  စလင်း - ဆင်ဖြူကျွန်း ၊ ဆိပ်ဖြူ ၊ ချောက်စသည့် မြို့ကြီးများနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စွာ ဆောင်ရွက်နိုင်ကာ စိုက်ပျိုးရေ ပေါကြွယ်ဝမှုကြောင့် နှစ်စဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် စားနပ်ရိက္ခာဖူလုံသည့် "အိုအေစစ်မြို့လေး" ဟု ဒေသခံပြည်သူများက တင်စားခေါ်ဝေါ်ကြသည်။

ထိုသို့ သဘာဝတရားက ပေးထားသော မုန်းချောင်းရေရစ်ခွေစီးဆင်းကာ အေးချမ်းသာယာလှသည့် ပွင့်ဖြူမြို့နယ်၌ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက်သီတင်းသုံးတော်မူခဲ့သည့် ရုံလေးရုံ(အောင်မြေလေးနေရာ) တည်ရှိနေသည်မှာ အလွန်ထူးခြားလှသည့် နယ်မြေတစ်ခုဖြစ်၍ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များအတွက် စိတ်အေးချမ်း ကြည်နူးစေရန် ဘုရားဖူးလာရောက်ပြီး ရှုမောဖွယ်ရာ ရေမြေသဘာဝအလှတရားများကို ခံစားနိုင်မည်ဖြစ်သည်။ ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကြွရောက်သီတင်း သုံးတော်မူခဲ့ရာ ရုံလေးရုံဘုရား(အောင်မြေလေးနေရာ)မှာ ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာ ၊ ရွာခိုင်ကျေးရွာ ၊ ဘုရားကုန်းကျေးရွာနှင့် ကျောင်းတော်ရာ ကျေးရွာတို့တွင် တည်ရှိပါသည်။

ကုဣဋာရုံ

ဤဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူ ပွင့်တော်မူမည်ဖြစ်ရာ ဘုရားလေးဆူ ပွင့်တော်မူပြီး ဖြစ်ပါသည်။ ကကုသန် ဘုရားသည် ရှေးဦးစွာ ပွင့်တော်မူခဲ့သော မြတ်စွာဘုရားဖြစ်ပါသည်။ ပွင့်ဖြူမြို့နယ် မြို့စဖိုလ်ရွာဟောင်း ကုဣဋာရုံစေတီတော် ထည်ထားသောနေရာမှာ ကကုသန်မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့ခြင်း ဂေါတမဘုရားအလောင်း ခေမမင်း ရဟန်းပြု၍ ပါရမီထူးများ ဖြည့်ကျင့်ဆည်းပူးအားထုတ်ခဲ့ခြင်း ၊ ဂေါတမမြတ်စွာဘုရားတစ်ရက် သီတင်းသုံးတော်မူ၍ ပရိသတ်များ ကျွတ်တမ်းဝင်ရာ နေရာဖြစ်ခြင်း အစရှိသော နေရာထူး ၊ နေရာမြတ်ဖြစ်ခြင်းကြောင့် ပထမအောင်မြေနေရာ ဟု သတ်မှတ် ထားသည်ကို လေ့လာသိရှိရသည်။

ဃောသိတာရုံ

ဒုတိယပွင့်တော်မူသော ဘုရားရှင်မှာ ကောဏဂုံမြတ်စွာဘုရား ဖြစ်ပါသည်။ ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံ စေတီတော်မှာ ကောဏဂုံဘုရားရှင် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော်နေရာတွင် တည်ထားခဲ့သော စေတီတော်ဖြစ်ခြင်း ၊ ဂေါတမဘုရား အလောင်းတော် တမ္မတမင်း ၊ သဗ္ဗညုတရွှေဉာဏ်တော်ကို မရမနေ ရှာကြံအားထုတ်ကာ ကောဏဂုံမြတ်စွာ ဘုရားအား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် ကြီးကျယ်ခမ်းနားလှစွာသော မင်းစည်းစိမ်ကို စွန့်လွှတ်တော်မူကာ ကောဏာဂုံမြတ်စွာဘုရားထံ ရဟန်းပြုတော်မူသော နေရာထူး ၊ နေရာမြတ်ဖြစ်ခြင်း ၊ ဂေါတမမြတ်စွာဘုရား တစ်ရက် သီတင်းသုံးတော်မူ၍ ပရိသတ်များ ကျွတ်တမ်းဝင်ရာ နေရာဖြစ်ခြင်းတို့ကြောင့် ဒုတိယအောင်မြေနေရာ ဟု သတ်မှတ် ထားသည်ကို လေ့လာသိရှိရသည်။

ပါဝါရုံ

တတိယပွင့်တော်မူသော ဘုရားရှင်မှာ ကဿပဘုရား ဖြစ်ပါသည်။ ဘုရားကုန်းကျေးရွာအနီးရှိ ပါဝါရုံ(ခေါ်)ရွှေပန်းမြိုင် စေတီတော်မှာ ကဿပဘုရားရှင် သီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော်နေရာတွင် တည်ထားခဲ့သော စေတီတော်ဖြစ်ပြီး ဂေါတမဘုရားအလောင်းတော် ဇောတိပါလ လုလင်ရဟန်းဘဝသို့ တက်လှမ်းကာ တရားပွားများ အားထုတ်ခဲ့ရာနေရာ ဖြစ်ကာ ဂေါတမမြတ်စွာဘုရား တစ်ရက် သီတင်းသုံးတော်မူ၍ ပရိသတ်အများအပြားကို ကျွတ်တမ်းဝင်ရာနေရာ ဖြစ်သောကြောင့် တတိယအောင်မြေနေရာ ဟု သတ်မှတ်ထားကြောင်း လေ့လာသိရှိရပါသည်။

ဂန္ဓာရုံ

စတုတ္ထပွင့်တော်မူသော ဘုရားရှင်မှာ ဂေါတမမြတ်စွာဘုရား ဖြစ်ပါသည်။ စန္ဒကူးနံ့သာ ၊ ဂန္ဓာရုံကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ လူသိများ ထင်ရှားလှသော စေတီတော်တစ်ဆူ ဖြစ်ပါသည်။ သမိုင်းအကျဉ်းကို ဖော်ပြရသော် သုနာပရန္တာတိုင်း ဝါဏိစ္စဂါမရွာ(ယခု ကျောင်းတော်ရာကျေးရွာ တောင်ဘက် သစ်တော်ကျေးရွာသား) မဟာပုဏ္ဏသည် ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို နာကြားရကာ ရဟန်းဘောင်သို့ တက်လှမ်းခဲ့ပြီး ဘုရားရှင်ထံမှ သင့်လျော်သော ကမ္မဌာန်းတရားကို ပန်ကြားတောင်းခံ၍ တရားအားထုတ်ရာ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်တော်မူခဲ့သည်။ ညီငယ် စူဠပုဏ္ဏသည် သင်္ဘောသား(၅၀၀)တို့ဖြင့် ပင်လယ်ခရီး ကုန်ရောင်းကုန်ဝယ်သွားရာ လက်လေးသစ်လျှင် အဖိုးတစ်သိန်း ထိုက်သော စန္ဒကူးနံ့သာသစ်များ ပေါက်ရောက်ရာ မာလယုခေါ်ကျွန်းကို တွေ့ရှိ၍ သင်္ဘောအပြည့်မျှ ယူဆောင်ခဲ့ကြ သည်။ ကျွန်းစောင့်နတ်ဘီလူးများ မကျေနပ်၍ မုန်တိုင်းဆင်ကာ သင်္ဘောနစ်မြုပ်အံ့ဆဲဆဲတွင် ညီငယ်စူဠပုဏ္ဏ ၏ တမ်းတ လျှောက်ထားချက်အရ ရဟန္တာ အရှင်မဟာပုဏ္ဏက ကောင်းကင်ခရီးဖြင့် ကြွရောက်ကယ်တင်သဖြင့် ဝါဏ္ဏိဇဂါမရွာသား သင်္ဘောသားအားလုံး အသက်ချမ်းသာရခဲ့သည်။ ထိုအခါ ညီငယ်စူဠပုဏ္ဏ က အစ်ကိုတော် မဟာပုဏ္ဏ၏ ကျေးဇူးတော်ကို ဆပ်သောအားဖြင့် ကျောင်းဆောက်၍လှူရာ ရဟန္တာအရှင်သူမြတ်က ဂေါတမမြတ်စွာဘုရားကိုသာ လှူဒါန်းရန် လမ်းညွှန် သဖြင့် စူဠပုဏ္ဏ ဦးဆောင်သော ဝါဏ္ဏိဇရွာသားတို့သည် အဆောင်ပေါင်း(၁၀၈)ဆောင် ပြတင်းပေါင်း ၁၁၆၀ နှင့် လှေကားပေါင်း ၁၀၀ ပါဝင်သော ဘုရားကျောင်းတော်ကြီးကို ရနံ့မွှေးထုံသော စန္ဒကူးသစ်တို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဂေါတမမြတ်စွာဘုရားသည် သစ္စဗန္ဓကရသေ့ကြီးအား အရဟတ္တဖိုလ်သို့ အရောက်ပို့ဆောင် ချေချွတ်ရန် အကြောင်း ကြောင့် သိကြားမင်း ဆက်ကပ်လှူဒါန်းသော ယာဉ်ပျံ(၅၀၀)ဖြင့် ကောင်းကင်ခရီး ကြွချီတော်မူသည်။ သစ္စဗန္ဓတောင်တွင် ရသေ့ကြီးအား တရားချွတ်၍ ရဟန္တာဖြစ်စေပြီးမှ သစ္စဗန္ဓရဟန္တာ အပါအဝင် ရဟန္တာ(၅၀၀)တို့ကို ပြဿဒ်ယာဉ်ပျံ ၅၀၀ ဖြင့် တင်ဆောင်ခေါ်ယူတော်မူပြီး စန္ဒကူးနံ့သာကျောင်းတော်ကြီးရှိရာ ဝဏ္ဏိဇဂါမသို့ ကြွရောက် အလှူခံတော်မူပါသည်။ ဂေါတမ မြတ်စွာဘုရားရှင်သည် စန္ဒကူးနံ့သာကျောင်းတော်ကြီးတွင်(၇)ရက်တိုင်တိုင် သီတင်းသုံးကာ တစ်နေ့လျှင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ၈၄၀၀၀ အား ကျွတ်တမ်းဝင်အောင် တရားရေအေး အမြိုက်ဆေးဖြင့် ချေချွတ်တော်မူခဲ့ပါသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ကြွရောက်တော်မူခြင်းဖြစ်သည်။ (၇)ရက်ပြည့်မြောက်၍ မဇ္ဇျိမဒေသသို့ ပြန်လည်ကြွမြန်း တော်မူရာတွင် သစ္စဗန္ဓ ရဟန္တာ၏ တောင်ပန်းချက်အရ မန်းရွှေစက်တော်ရာတောင်ထိပ်တွင် စက်တော်ရာ တစ်ဆူ ၊ နမ္မဒါမြစ်ကမ်းနဖူးတွင် စက်တော်ရာတစ်ဆူ ချထားတော်မူခဲ့သဖြင့် ယနေ့အချိန်အခါတွင် မန်းရွှေစက်တော်ရာ တန်ခိုးကြီးဘုရားအဖြစ် လူသိထင်ရှားလျက် ရှိနေခဲ့ပါသည်။

မဟာပုဏ္ဏရဟန္တာမြတ်၏ အဓိဌာန်ချက်ဖြင့် စန္ဒကူးနံ့သာကျောင်းတော်ကြီး၏ တရားဟော ရာဇပလ္လင်တော်နေရာ တွင် ပေါ်ပေါက်ခဲ့သော သေလာမယ စေတီတော်ကိုငုံ၍ ပုဂံပြည့်ရှင်ဇေယျသူရမည်သော အလောင်းစည်သူမင်းကြီးသည် စေတီတည်ထားကိုးကွယ်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ် ၊ တပေါင်းလဆန်း ၉ ရက် စနေနေ့တွင် ရွှေကရားနှင့် ရေစက်သွန်းချ လှူဒါန်းတော်မူခဲ့သည်။ ဂေါတမမြတ်စွာဘုရားရှင်၏ ကျောင်းတော်ကြီးမှာ စန္ဒကူးမွှေးထုံနံ့သာသစ်များဖြင့် ဆောက်လုပ်ခြင်းဖြစ်၍ ဂန္ဓရုံ ကျောင်းတော် ဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားရှင် (၇)ရက်တိုင်        သီတင်းသုံးတော်မူခဲ့ခြင်းကြောင့် စတုတ္ထအောင်မြေနေရာ ဟု သတ်မှတ်ထားသည်ကို သိရရှိပါသည်။ သို့ဖြစ်၍ ရုံလေးရုံ ဘုရားလေးဆူအနက် ကုဣဋာရုံ ၊ ဃောသိတာရုံ ၊ ပါဝါရုံ ဘုရားသုံးဆူမှာ ကကုသန်ဘုရား ၊ ကောဏဂုံဘုရား ၊ ကဿပ ဘုရားတို့ သီတင်းသုံးခဲ့ရာ ကျောင်းတော်ကြီးများ၏ ကျောင်းတော်ရာဖြစ်၍ ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်တော်တွင် ကြွရောက်သီတင်းသုံးသောအခါမှသာ ဂန္ဓာရုံအပါအဝင် ရုံလေးရုံအမည်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ပွင့်တော်မူခဲ့ပြီးသော မြတ်စွာဘုရားလေးဆူ ကြွရောက်သီတင်းသုံးတော်မူခဲ့သော ရုံလေးရုံ (အောင်မြေလေးနေရာ) သည် သာသနာဝင် သမိုင်းနှင့် ရာဇဝင်သမိုင်းများအရ အထောက်အထားခိုင်လုံလှသော ဘုရားလေးဆူ ကြွရာ ပွင့်ဖြူမြေမှ ရုံလေးရုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း ၊ ပြည်ပဘုရားဖူး ပြည်သူများကို တစ်ခါတစ်ခေါက် အရောက် လှမ်း၍ ကုသိုလ်ထူးများ ဆည်းပူးဖြည့်ကျင့်နိုင်စေရန် ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

ကျမ်းကိုး - ပွင့်ဖြူမြို့နယ် ရုံလေးရုံဘုရားသမိုင်း ဆရာတော် ဦးဇောတိက ရေးသားပြုစုသည်