မူးယစ်ဆေးဝါးအန္တရာယ်ကို အတူလက်တွဲပူးပေါင်း တိုက်ဖျက်ကြပါစို့

01

မူးယစ်ဆေးဝါးပြဿနာသည် လူသားများ၏ ပြဿနာ ဟူသောဆောင်ပုဒ်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ပြဌာန်းခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး ဟူသောဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများကို မူးယစ်ဆေးဝါး၏ အန္တရာယ်အား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တပ်လှန့်သတိပေးနှိုးဆော်ခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် တိုက်ဖျက်လျှက်ရှိသလို စာရေးသူတို့နိုင်ငံတွင်လည်း ဘာသာရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအရလည်း တားမြစ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာတွင်လည်း ငါးပါးသီလအတွင်းတစ်ပါးအဖြစ် ရှောင်ကျဉ်သင့်ကြောင်း ဂေါတမမြတ်စွာဘုရားက ဟောကြားခဲ့သည်။ ဘိန်း၊ ဘင်း၊ ကဇော်၊ လှော်စာသောက်စားပြုသူများ စီးပွားပျက်မည်တည်ဟူ၍ ရှေ့လူကြီးများက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သတိပေးထိန်းချုပ်ခဲ့သည်။

ရှေ့မြန်မာမင်းများလက်ထက်ကတည်းက ထိန်းချုပ်ခဲ့သော မူးယစ်ဆေးဝါးပြဿနာသည် လွတ်လပ်ရေးရပြီးစအချိန်တွင် ကိုလိုနီခေတ်အမွေဆိုးအဖြစ် မြန်မာ့မြေပေါ်တွင် ကျန်ရစ်ခဲ့သည်။

လွတ်လပ်ရေးရပြီးစအချိန် ရှမ်းပြည်နယ်တစ်ဝိုက်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ကောင်းစွာ အခြေကျနေပြီးဖြစ်ရာ မြန်မာအစိုးရကလည်း ၁၉၅၁ ခုနှစ်ကစပြီး ဘိန်းစုံစမ်းရေးကော်မတီများ ဖွဲ့စည်းပြီး ဥပဒေများပြဌာန်းကာ ထိန်းချုပ်မှုကိုစတင်ခဲ့သည်မှာ ယနေ့အထိတိုင်ခဲ့ပေသည်။

စာရေးသူတို့နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ပြီး  မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံတို့ဖြင့် တစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေး၏ လုပ်ငန်းအကြံပြုချက်များကို အခြေခံကာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်နှင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝချုပ်ငြိမ်းပပျောက်ရေးအတွက် နည်းဗျူဟာ ()ရပ်ဖြစ်သော ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေးတို့ဖြင့် ကြိုးစားဆောင်ရွက်လျှက်ရှိသည်။

ယနေ့မြန်မာ့တပ်မတော်သည် လူသူအရောက်အပေါက်နည်းသော တောတောင်များအတွင်းရှိ ဘိန်းစိုက်ပျိုးသော ဘိန်းခင်းများ၊ ထုတ်လုပ်လျှက်ရှိသော ဘိန်းချက်စခန်းများကို ရှာဖွေဖျက်ဆီးနေသကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်လျှက်ရှိသည်။ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့အား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတစ်ဝှမ်းလုံးတွင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း သတင်းစာ၊ ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တို့မှ အသိပညာပေးခြင်း၊ ဟောပြောစည်းရုံး ခြင်းများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကလည်း နိုင်ငံ့သားကောင်း ရတနာလေးများရှိသည့် အခြေခံပညာကျောင်းများ ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ ဓါတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းတို့ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို တက်ညီလက်ညီ ဝိုင်းဝန်း၍ မြန်မာ့မြေပေါ်မှ တိုက်ထုတ်လျှက်ရှိသည်။

မူးယစ်ဆေးဝါးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတည်း၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသား အားလုံးအတွက် လူသားမျိုးနွယ်စုတစ်ရပ်လုံး လူညွန့်တုံးသွားစေနိုင်သော အန္တရာယ်ဖြစ်ခြင်းကြောင့် ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ နိုင်ငံသားအားလုံး တက်ကြွစွာပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပေသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)