
ရွှေမိုးညှင်း
မိုးညှင်း ဒီဇင်ဘာ ၁၃
ရွှေမဉ္ဇူဘုရားတည်ထားကိုးကွယ်မှုသမိုင်း
ရွှေမဉ္ဇူဘုရားကို မန္တလေးမြို့၌ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းအုပ်စိုးစဉ် တည်ဆောက်ခဲ့သည်။ အင်းတော်ကြီးဒေသမှ အခွန်တော်များကို ပေါ်မိုင်းတို့မှတဆင့် ကောက်ခံစေသည်။ “မိုင်း” ဆိုသည်မှာ ရှမ်းတို့၏ ဝေါဟာရဖြစ်ပြီး “ရွာများကိုပေါင်း၍ ပိုင်ဆိုင်ခြင်း” ဟု အဓိပ္ပာယ်ရသည်။
အင်းတော်ကြီးသည် (၁၁)ရာစုခန့်က ထူထပ်သောတောတောင်တို့ဖြင့် ဝိုင်းရံလျက်ရှိသည်။ တောင်ဘက်တွင် အင်းတော်ချောင်းရှိသည်။ လှိုင်းတံပိုးနှင့်ရေသတ္တဝါတို့မှာ ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ အင်းကိုပိုင်စိုးသော အရှင်ကြီးမှာလည်း ကြမ်းတမ်းလှသည်ဟူ၏။ ထိုစဉ်အင်းတော်ကြီးနယ်၌ သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဋ္ဌာန်းတို့နှင့် ပြည်စုံသော တောရဆရာတော် ဦးညီဆူသည် တောင်သုံးလုံး၌ သီတင်းသုံးလျက်ရှိလေသည်။ ဆရာတော်ကိုထွက်ရပ်ပေါက်သည်ဟူ၍ အများကယုံကြည်ကြသည်။ အင်းတော်သူအင်းတော်သားတို့၏ လျှောက်ထားချက်အရ ဆရာတော်ဦးညီဆူသည် သီလ သမာဓိ မေတ္တာ ကမ္မဋ္ဌာန်းတို့နှင့် ပြည့်စုံသောဒကာများကို ခေါ်ဆောင်ပြီး၊ အဓိဋ္ဌာန်ပြုထားသော ကျောက်တုံးသုံးတုံးကို လှေပေါ်တွင်တင်ဆောင်၍ “ဖာနန်းမုန်” ဒေသမှထွက်ခွာကြလေသည်။ ဆရာတော်နှင့်ဒါယကာများသည် သမာဒေဝနတ်များကို ပင့်ဆောင်ခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ပရိတ်တော်များ ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ကြမ်းတပ်းလှသောရာသီဥတုကို ဖြတ်ကျော်၍ လှော်ခတ်လာခဲ့ကြရာ၊ သောင်ပြင်မို့မို့နေရာတစ်ခုသို့ ဆိုက်ရောက်ကြလေသည်။ ဆရာတော်သည် သဲတောင်ပြင်ထိပ်တွင် တောင်ဝှေးကိုအဓိဋ္ဌာန်ပြုစိုက်ထူ လိုက်ပြီး၊ တင်ဆောင်လာခဲ့သော ကျောက်တုံးသုံးတုံးဖြင့် ညှပ်ထားခဲ့လေသည်။ ချက်ချင်းပင် လှိုင်းတံပိုးများ ငြိမ်သက်ပြီး ရာသီဥတုမှာလည်း ကြည်လင်ကောင်းမွန်သွားလေသည်။ ဤသဲသောင် နေရာတွင် နောင်အချိန်၌ ရွှေမဉ္ဇူဘုရားကိန်းဝပ်သောနေရာ ဖြစ်လာလေသည်။
ဆက်လက်၍ ဆရာတော်ဦးညီဆူသည် ဆရာတော်ဦးသောဘိတအား အဓိဋ္ဌာန်ပြုထားခဲ့သည့်နေရာ၌ ရေလည်ဘုရားတစ်ဆူ တည်းထားကိုးကွယ်နိုင်ရန် ညွှန်ကြားလိုက်လေသည်။ ဆရာတော် ဦးသောဘိတသည် စေတီတော်တည်ထားကိုးကွယ်ရာ၌ ကျွမ်းကျင်ကျော်ကြားသူဖြစ်လေသည်။ ဒါယကာတို့၏ လျှောက်ထားချက်အရ (၁၂၃၀)ခုနှစ်တွင် ကြွရောက်လာပြီး တပေါင်းလဆန်း (၁၃)ရက်နေ့တွင် ပန္နက်ရိုက်ကြလေသည်။ (၁၂၃၁)ခုနှစ် ကဆုန်လဆန်း(၁၃)ရက်၊ ခရစ်(၁၈၆၉)ခုနှစ်၊ ဧပြီ(၂၂)ရက် (ကြာသပတေး)နေ့တွင် ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှ ဆရာတော်ကိုယ်တိုင် အဓိဋ္ဌာန်ပြုပင့်ဆောင်လာခဲ့သော မြတ်စွာဘုရား၏ သရိယဓါတ်တော်ငါးဆူတို့ကို ရွှေသေတ္တာနှင့်ထည့်၍ ရတနာရွှေစင်ဖြင့် ပြုလုပ်ထားသည့်လှေတွင် တင်ဆောင်ပြီးဌာပနာလေသည်။ ဌာပနာတိုက်ကို အင်းရေပြင်နှင့်ညှိ၍ ရေမြင့်၊ ရေနိမ့်ချိန်တို့၌ ရွှေလှေပေါ်တွင် ဓါတ်တော်များ အင်းရေပြင်နှင့်အညီ အနိမ့်အမြင့်စံမြန်းကိန်းဝပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားလေသည်။ နယုန်လဆန်း (၆)ရက်နေ့တွင် ထီးတော်တင်လေသည်။ ဉာဏ်တော်မှာ (၁၅)ပေကျော်ရှိသည်။
စေတီတော်ကို ထပ်မံမွမ်းမံခြင်း
မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် နန့်ဖောင်စင်ရွာမှ ရွှေမဉ္ဇူဘုရားကို ထပ်မံမွမ်းမံသည်။ ဉာဏ်တော်မှာ (၁၈)တောင် (၂)မိုက် (၄)လက်သစ်ဖြစ်သည်။ ဖိနပ်တော်မှာ (၉)တောင် (၂)မိုက် (၆)လက်မဖြစ်သည်။ (၁၂၅၈)ခုနှစ်တွင် နန့်မီးလောင်ရွာမှ အောက်ပလ္လင်ကို ကျွန်းသားဖြင့် ပြုပြင်သည်။ (၁၂၆၁)ခုနှစ်တွင် တစ်ကြိမ်ပလ္လင်တော်ကို လေးထောင့်အရံစေတီတော် (၄)ဆူကိုတည်သည်။ (၁၂၆၇)ခုနှစ်တွင် ဘုရားကြီးကို အသစ်ပြုပြင်မွမ်းမံ ဌာပနာသည်။ (၁၂၈၄)ခုနှစ်တွင် ထီးတော်အသစ်ကို တင်လှူသည်။ ဉာဏ်တော်မှာ (၃၃)တောင်ရှိသည်။ ဖိနပ်တော်မှာ (၂၆)တောင် (၁)မိုက်ဖြစ်သည်။ ဘုရားပွဲတော်ကို တပေါင်းလဆန်း(၈)ရက်နေ့မှ လဆုတ်(၁)ရက်နေ့ထိ ကျင်းပသည်။ နှစ်စဉ်နှစ်တိုင်းပွဲတော်ကို မကျင်းပမီ လူလမ်း၊ နတ်လမ်းဟူ၍ သဲလမ်းနှစ်လမ်း ပေါ်လေ့ရှိပါသည်။ လမ်းနှစ်လမ်း၏ အကွာအဝေးမှာ (၂)ဖာလုံခန့်ရှိပြီး မြောက်ဘက်တွင် လူလမ်း၊ တောင်ဘက်တွင် နတ်လမ်းဟူ၍ ဒေသခံရှမ်းလူမျိုးတို့က ခေါ်တွင်ကြသည်။
သဏ္ဍာရီဆန်ဆန် အင်းတော်ကြီးအိုင်ဖြစ်ပေါ်လာပုံ (ဥတ္တရဌာနီ စည်ခမ်းမြို့တော်ကြီး)
မိုးညှင်းမြို့မတိုင်မီ ကျခေတ်နှင့်ခေတ်ပြိုင် စည်ခမ်းမြို့တော်သည် ဒဏ္ဍာရီဆန်စွာ အင်းတော်ကြီးအိုင် ဖြစ်လာတော့သည်။ သမိုင်းမှတ်တမ်းများအရ လေးမျိုးသော နဂါးတို့တွင် ရောပတ္တနဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်ခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတောင်နတ်မင်းကြီး၏ အမိန့်ကိုရရှိသောအခါ ရေနတ်နဂါးမင်းသားက စဉ်းစားတော်မူသည်မှာ ဤတမန်သည်လူမျိုးများ နေထိုင်ပျော်ပါးသောမြို့ကို အင်းဖွဲ့လိုက်သော် တိုင်းနေပြည်သူတို့သည် သေကြေပျက်စီးကြတော့မည်။ ထိုသူသို့ သေကြလျှင် ပါဏာတိပါတကံထိုက်၍ အပါယ်ငရဲ၌ ဆင်းရဲကြီးစွာခံရလိမ့်မည်ဟု ဆင်ခြင်တော်မူသည်။ သို့သော်လည်း ဤတိုင်းသူပြည်သားအပေါင်းတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့်သီလလည်း မရှိကြသဖြင့် နေ့စဉ်ညတိုင်း ထိုင်းမှိုင်းတွေဝေ၍ ငါးပါးအာရုံ ကာမဂုဏ်တို့ကို စုံစုံမက်မက်နှစ်သက် မြူးတူးပျော်ပါးကြသူများဖြစ်လေသည်။ သို့ဖြစ်သောကြောင့် အလီလီတွေးဆ၍ ညသန်းခေါင် အခါအာကာသကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော ကျယ်ကျယ်လောင်လောင်အသံဖြင့် “ဤတိုင်းပြည်၌ နေထိုင်ကြကုန်သော သင်မနုဿလူသားတို့သည် ရှေ့ခုနစ်ရက်တိုင်လျှင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနစ်ရက်မတိုင်ခင်အကြား ခရီးဝေးစွာထွက်ခွာ သွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနစ်၍ သေကြကုန်လတ္တံ့ဟု” တစ်တိုင်းပြည်လုံးကြားအောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်ခဲ့သည်ဟု ဆိုသည်။
ဤသို့ တစ်တိုင်းတစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသား ပြည်သူဗိုလ်လူတို့၏ မကောင်းမှုကံ စီမံဖန်တီးထားသဖြင့်အသက်ကြီးသော မုဆိုးမအဒေါ်အို တစ်ယောက်အပြင် မည်သူမျှမကြားမသိကြ။ နံနက်မိုးသောက် အလင်းရောက်သောအခါ အဒေါ်အိုမုဆိုးမက တစ်အိမ်တက် တစ်အိမ်ဆင်း သွားရောက်ပြောကြားသော်လည်း အယုံတရားမရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာသောမျက်နှာဖြင့် သူတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သောစကားကို ဆိုသည်ဟုထင်ကြသည်။ ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက်ကျအောင် ဤတိုင်းပြည်နဂရတွင် ထာဝရကြာရှည်စွာနေထိုင်ခဲ့ကြသည်။ ဘယ်အခါ ဘယ်ကာလမှ မကြားစဖူးထူးဆန်းသော ဤစကားကို အဒေါ်အိုမုဆိုးမပြောကြားသည်။ ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး လိုက်ကြကုန်သတည်း၊ အဒေါ်အိုမုဆိုမက ထိုသို့ အိမ်ထက်သို့တက်၍ တဖန်ဝေးရာသို့ရွှေ့ပြောင်း ထွက်ခွာသွားကြရန် သည်းခံ၍ ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်ခြင်းခံရသဖြင့် အဒေါ်အိုသည် ဤမြို့ရွာရှိ ဆွေမျိုးညာတိ မြေး၊ မြစ်များကိုခေါ်၍ ဝေးစွာသော မြိုင်ခွင်ချောင်းမြောင်း တောတောင်ကုန်းမြင့်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသည်။
အဒေါ်အိုမုဆိုးမသည် ဆွေမျိုးနီးစပ်တို့နှင့်တကွ တောအရပ်သို့ထွက်ပြေးကြသောအခါ ညအခါ ကောင်းကင်ယံက ကြွေးကြော်သံကြားသည့်အလျောက် ခုနစ်ရက်လည်းစေ့ရောက်သဖြင့် ရေနတ်နဂါးရာဇာက တေဇာကွန့်ဖြိုးနတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးကြီး လေကြီး မည်ဟီးပြင်းချက် အားခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်ဟူသည်နှင့်အညီ နဂါးမင်း၏ အားခံတွင်းသည် ဝင်းဝင်းတောက်ပြောင်လောင်လုမတတ် လျှပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ဝင်းကနဲ့လျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချသည့်အထဲမှာ လေပွေလေကြမ်းတို့ တိုက်ရမ်းတိုးဝှေ့ ညဉ့်နေ့မသိအောင် မှောင်ကြီးချကာ ကြောက်စရာလန့်စရာ ထက်နတာကလည်း ခါခါမည်ဟိန်း ဒိုးဒိန်းညိုးညံ အသံမစဲအုံ့မဲတိုက်ခတ်၍ ရေနတ်နဂါးတို့၏ တန်းခိုးအဟုန်နှင့် အစွမ်းကုန်လွှတ်လိုက်လျှင် တမန်သည်လူမျိုးတို့ ခိုကိုးနေထိုင်ရာ ဥတ္တရဌာနီစည်ခန်းမြို့ကြီးသည် တောခြေကွင်းပြင်မပါဘဲ အလယ်ဗဟိုမကျတကျတွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက် အနံ(၄)တိုင်ကျယ်ဝန်းအောင် ရေပြင်အတိ အင်းကြီး(ဝါ)အိုင်ကြီး ဖြစ်လေသတည်း။ အာကာသကောင်းကင်ယံက ကြွေးကြော်သံကိုကြားသဖြင့် သေဘေးကိုကြောက်၍ မြေး၊ မြစ်၊ ဆွေမျိုးများနှင့်ထွက်ပြေးလေသော အဒေါ်အိုသည် တောင်ထိပ်မှနေ၍ နောက်ပြန်မျှော်မှန်း ကြည့်ရှုသောအခါ ၎င်းတို့နေထိုင်ခဲ့သော တိုင်းပြည်သည် ရေပြင်အင်းကြီးဖြစ်နေသည်ကို မြင်ရသည်ဟု ဆိုရိုးရှိခဲ့သည်။
ထွက်ပြေးခဲ့သော မုဆိုးမအဒေါ်သည် ယခုအခါ(လွှဲမွန်)ခေါ် အင်း၏အနောက်ကမ်းအင်းထိပ်၌ တည်ရှိသော ကုန်းမြင့်ပေါ်သို့ရောက်ရှိ၍ မိမိနေခဲ့သောတိုင်းပြည်ကို ပြန်၍မျှော်ကြည့်သည်ကို ရှမ်းဘာသာအားဖြင့် (မုန်)ဟုဆိုသည်။ ကုန်းမြင့်တောင်တို့ကို (လွဲ)ဟု ဆိုသည်။ နှစ်လုံးပြောင်းပြန် ဒွန်တွဲလိုက်သော် (လွဲမုန်)ဟု အဓိပ္ပါယ်ရပါသည်။ ယခုအခါ ကာလရှည်လျား နှစ်ပေါင်းများလာသည့် အတွက် အခေါ်အဝေါ် အနည်းငယ်မျှ ပြောင်းလဲလာသဖြင့် (မုန်)ကို မွန်ဟုဖြစ်လာပြီး (လွဲမွန်)ဟု ပြောဆိုခေါ်ဝေါ်ကြသည်။ ဤစကားသည် သုံးစောင်သော သမိုင်းတို့တွင် မပါမရှိလေ ရှေးဦးလူတို့ ခေါ်ဝေါ်ပြောဆို စကားမျှသာဖြစ်လေသည်။
အင်းတော်ကြီးအိုင်သမိုင်းနှင့် ရှုခင်းသာ
အင်းတော်ကြီးသည် တော်ဝင်အင်းကြီးဖြစ်ပြီး အလှဆုံးနှင့် အကြီးဆုံးအင်းလည်းဖြစ်သည်။ အင်းကြီးအတွင်း ငှက်မျိုးစုံများ၊ ကမ္ဘာအရပ်ရပ်မှ ရာသီအလိုက်အုပ်စုဖွဲ့၍ ဝင်ရောက်လာကြသော ငှက်များကျက်စားပျော်မြူးကြသည်။ တောင်တန်းများဖြင့် ဝိုင်းရံကာထားလျက်ရှိသည်။ အနောက်လတ္တီတွဒ် ၂၅ ဒီဂရီ ၅ မိနစ်နှင့် ၂၅ ဒီဂရီ ၂၀ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၈ မိနစ်နှင့် ၉၆ ဒီဂရီ ၂၅ မိနစ်အကြားတွင် တည်ရှိသည်။ ၎င်းအင်းသည် “မြေကျွံအင်း” အမျိုးအစားဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ(၆၅၀)မြင့်၍ ဝိုင်းရံနေသော တောင်တန်းတို့မှာ ပေ(၂၀၀၀)မှ ပေ(၃၅၀၀)ထိမြင့်သည်။ ပွဲတော်ကျင်းပချိန်၌ အပူချိန်(၅၈) ဖာရင်ဟိုက်မှ (၆၅)ဖာရင်ဟိုက် ပတ်ဝန်းကျင်တွင်ရှိသည်။ နှစ်စဉ် ပွဲတော်ကြီးကို ပြည်နယ်နှင့် ခရိုင်တို့မှ ကြီးမှူး၍ ကျင်းပလေ့ရှိသည်။ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ အကပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာအားကစားပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်။ ဘုရားပွဲသည် ဆွေဘုရား မျိုးဘုရားဖြစ်ပြီး ဘာသာမရွေး၊ လူမျိုးမရွေး ပါဝင်ဆင်နွဲကြသော ပွဲတော်ကြီးဖြစ်၍ ဒေသခံတို့၏ တစ်နှစ်တာကာလ ပင်ပန်းနွမ်းနယ်ခဲ့သမျှကိုလည်း ဆေးကြောလန်းဆန်းစေလေသည်။ နေထွက် နေဝင်ဆည်းဆာ၏ နေရောင်ခြည်သည် ကာရံထားသော တောင်တန်းများ ရေလယ်မှဘုရား၊ လှပသောအင်းရေပြင်မှ အရိပ်ထင်ဟပ်မှုတို့သည် ဖော်မပြနိုင်သော အလှအပများကို ဖြစ်စေပါသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များ
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များအနေဖြင့် ၎င်းအင်းတွင် အသေးစားသစ်တောထွက် ပစ္စည်းများ၊ ဆေးဘက်ဝင် အပင်များနှင့် ငါးသယံဇာတများ ပေါကြွယ်ဝလျက်ရှိရာ နို့တိုက်သတ္တဝါမျိုးစိတ် (၄၇)မျိုး၊ ငှက်မျိုးစိတ်(၅၀၁)မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၁)မျိုး၊ ငါးမျိုးစိတ် (၉၅)မျိုး၊ လိပ်ပြာမျိုးစိတ် (၅၀)မျိုး၊ သစ်မျိုး (၁၄၈)မျိုး၊ ဆေးဘက်ဝင်အပင် (၁၁၈)မျိုး၊ သစ်ခွပင် (၇၅)မျိုး၊ ဝါးပင် (၇)မျိုး၊ ကြိမ်ပင် (၅)မျိုး၊ မြင်ပင် (၁၄)မျိုးနှင့် ရေနေပင် (၁၅၇)မျိုးတို့ ရှိပါသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ
သဘာဝအခြေခံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများအနေဖြင့် ဧည့်သည် (၁၀)ဦးဆံ့ ဧည့်ရိပ်သာ (၁)လုံး၊ ဧည့်သည် (၁၂)ဦးဆံ့ မိုတယ် (၁)လုံးနှင့် Home Stay များ၊ ထိန်းသိမ်းရေး ကင်းစခန်းများ၊ အင်းတော်ကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးပြခန်း၊ ဒေသခံလမ်းပြများ၊ စက်လှေများ၊ လက်လှော်လှေများနှင့် မော်တော်ယာဉ်များဖြင့် ဆောင်ရွက်ထားလျက်ရှိပါသည်။
အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း(၅)ခုကို အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၁၄ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာ ရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရသော အင်းကြီးဖြစ်၍ နိုင်ငံခြားခရီးသည်များအား ဆွဲဆောင်မှုအားကောင်းသည့် တော်ဝင်အင်းကြီးဖြစ်ပါတော့သည်။
ကိုးကား- မင်းယုဆွေ၏ ဥတ္တရလွင်ပြင် ကချင်မြေခရီးသွားဆောင်းပါးလမ်းညွှန်စာအုပ်။ အင်းတော်ကြီးသမိုင်းစာအုပ်။ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး(မိုးညှင်းမြို့)။
- Log in to post comments