ပုသိမ် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြတ်မော်တင်စွန်းစေတီတော် ကုန်းမြေအောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား ယခုလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၄၅၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဆင်းမြောင်းများ ဆောင်ရွက်သင့်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စေတီတော်ကြီးတည်ထားရာကုန်းမြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် လိုအပ်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ ကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့် မြတ်မော်တင်စွန်းစေတီတော်ကြီး တည်ရှိရာကုန်းမြေနှင့် စေတီတော်ကြီးအပါအဝင် သာသနိကအဆောက်အဦများအား ပင်လယ်ရေလှိုင်းရိုက်ခတ်တိုက်စားမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲနှင့် မြတ်မော်တင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် မြတ်မော်တင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုကလှူဒါန်းသော အလှူငွေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်ကလည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)