ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သောက်သုံးရေ ရှားပါးလျက်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့ ရေသန့် ဂါလန်(၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသန့်များ လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်၊ ကျေးရွာများ၌ သောက်သုံးရေ ရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသန့်များ လှူဒါန်းလျက်ရှိပြီး ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာရှေ့၌ စုရပ်ထားရှိကာဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား ရေသန့်ဂါလန်(၂၀၀၀)တို့အား သွားရောက်လှူဒါန်းခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ဝင်များမှ ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်းတိုက်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ ဆရာတော်၊ သံဃာတော်များတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးဒုက္ခအန္တရာယ်အပေါင်းတို့အား အမြန်ဆုံးလွတ်မြောက်ကြစေရန်ရည်ရွယ်၍ ဆရာတော်၊ သံဃာတော်အပေါင်းတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝါသ ကျောင်းတော်ကြီး မြေညီထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်ဉ၊ ဘဲဉနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့ လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြေစာရင်းမီးပွိုင့်လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်ဉ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ကျောင်းအပ်နှံနေမှုတို့အားကြည့်ရှုစစ်ဆေး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က သံတွဲမြို့ အံတော်ကျေးရွာ မဟာအောင်မြေကျောင်းသို့ရောက်ရှိပြီး ဆရာတော်ဦးကောသလ္လအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် အမိုးသွပ်ပြား အချပ်(၂၀)တို့ကိုဆက်ကပ်လှူဒါန်းကာ သာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် အဖွဲ့လာရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့၊ နယ်မြေခံ တပ်မတော်အရာကြီးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ မိုခါမုန်တိုင်းကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ယနေ့၊ နံနက်(၇)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်  ပျက်စီးမှုစာရင်းများကောက်ခံထားရှိမှုအား ကြည့်ရှုစစ်ဆေး

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်  တာဝန်ရှိသူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများအား ပြန်လည်စိစစ် စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေသော မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ကောက်ယူထားရှိမှုအခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်းအဝေး ခန်းမ၌ ကြည့်ရှုစစ်ဆေးသည်။

ရသေ့တောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာအုပ်စု၊ ပြားချောင်းကြီးကျေးရွာ၊ အလယ်ရွာချေကျေးရွာနှင့် ပြင်ခေါင်ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ပေါက်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိလာ

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော်ကမ်းထိုးရေယာဉ် အမှတ် ၁၇၁၈  ဖြင့် ပေါက်တောမြို့သို့ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ်အတွင်း ပျက်စီးသွားသည့်ကျောင်းများအား ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အခြေခံပညာကျောင်းမျာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ရက်မတိုင်မီ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်