ယူရိုခြေစစ်ပွဲတွင် အိုင်ယာလန်ကို အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည့် ပြင်သစ်

 

ယူရိုခြေစစ်ပွဲ အုပ်စု (ခ) ပွဲစဉ် (၅) မှ  စက်တင်ဘာ ၈ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ သည့် ပြင်သစ်နှင့်  အိုင်ယာလန် အသင်းတို့ပွဲစဉ်တွင်    ပြင်သစ် အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။  


ထို့ကြောင့်  ပြင်သစ်အသင်း သည် ပွဲစဉ် (၅) အပြီးတွင် ရာနှုန်း ပြည့်နိုင်ပွဲနှင့်အတူ   အမှတ်ပေး ဇယားကို    ပြတ်ပြတ်သားသား ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။


အမှတ်ပေးဇယားရပ်တည်မှုအရ   နိုင်ပွဲရရှိရန်   လိုအပ်နေသည့် အိုင်ယာလန်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပြင်သစ်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကိုသာ ခုခံကာကွယ်ခဲ့ရသည်။ 


ယနေ့ပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် အိုင်ယာလန်အသင်းသည် ၂၀၂၄ ယူရိုအတွက် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးနည်းပါးသွားခဲ့ပြီ ဖြစ်သည်။ 


ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ရရှိခဲ့ပြီး ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား ချူအာမန်နီက အသင်းခေါင်းဆောင် အမ်ဘာပေ၏ ဖန်တီးမှုမှတစ်ဆင့် ရယူနိုင်ခဲ့သည်။ 


ထို့နောက်တွင်လည်း ပြင်သစ်အသင်းကသာ တရစပ်ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးရရှိနိုင်သည့် အခွင့်အရေးအများအပြား  ဖန်တီးနိုင်ခဲ့ သည်။  ပြိုင်ဘက်အိုင်ယာလန် အသင်းက  ရံဖန်ရံခါမှသာ  ပြင်သစ်အသင်း ဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှုပြုလုပ်နိုင်ခဲ့သည်။ 


ပြင်သစ်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၄၈ မိနစ်တွင် ရရှိခဲ့ပြီး သူရမ်က သွင်းယူပေးခဲ့သည်။ ပြင်သစ်အသင်းသည် စက်တင်ဘာ ၁၃ ရက်တွင် ခြေစမ်းပွဲအဖြစ်  နာမည်ကြီး ဂျာမနီအသင်း နှင့် ကစားသွားမည်ဖြစ်ပြီး အိုင်ယာလန်အသင်းက ယူရိုခြေစစ်ပွဲ ပွဲစဉ် (၆) အဖြစ် နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

အောင်ဇော်