ယူရီးယားမြေဩဇာ တင်သွင်းပြီးတန်ချိန် ၁၇၇၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅၀၀၀ ခန့် ရောင်းချပြီးဖြစ်

 

နေပြည်တော်   ဩဂုတ်   ၂၃


ယူရီးယားမြေဩဇာ   ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ  ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက    ရုံးအမှတ် (၁၆)    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   အစည်းအဝေး ခန်းမ၌ Online စနစ်ဖြင့်  ကျင်းပသည်။

 


ရှေးဦးစွာ   ယူရီးယားမြေဩဇာ   ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက   ဓာတ်မြေဩဇာများ ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို  ထောက်ခံပေးလျက်ရှိပြီး မေ ၁၁ ရက်မှ ဩဂုတ် ၁၂ ရက်အထိ   ယူရီးယား တန်ချိန် ၃၄၉၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန်   ၄၇၅၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီး   ဖြစ်ပါကြောင်း၊ တင်သွင်းပြီးတန်ချိန် ၁၇၇၀၀၀   ခန့်ရှိပြီး   ဖြန့်ဖြူး ရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅၀၀၀ ခန့် ရောင်းချ ပြီးဖြစ်ပါကြောင်းနှင့်  တင်သွင်းရန်ကျန်ရှိနေသော မြေဩဇာများအား  အချိန်မီတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 


ထို့ပြင်   အကျိုးတူလယ်ယာစနစ်   (Contract Farming) စနစ် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါး စိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုး သော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင် ရန်အတွက်      လိုအပ်မှုနှင့်   လက်ရှိအခြေအနေ၊  ထပ်မံဝယ်ယူရမည့်   တန်ချိန်များကို   တွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့်ကာလနှင့် အချိန်ကိုက် ဖြစ်စေရေး     ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။

 


နွေစပါးနှင့် ဆောင်းသီးနှံအတွက်  လိုအပ်သော ဓာတ်မြေဩဇာများ      အမြန်တင်သွင်းနိုင်ရန်နှင့် တောင်သူများ၏      စိုက်ပျိုးရေးလုပ်ငန်းများတွင် သတ်မှတ်ချိန်အမီ သုံးစွဲနိုင်ရန်၊ နေကြာစိုက် တောင်သူ များကို လာမည့်  အောက်တိုဘာနှင့် နိုဝင်ဘာလများ တွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက်     ဆောင်ရွက်မည့် အစီအစဉ်များ  ပြန်လည်ဆွေးနွေးတင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီ၏   အဓိက  ရည်ရွယ်ချက်မှာ ဓာတ်မြေဩဇာများကို   ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် နိုင်ငံခြား ငွေဝယ်ယူခွင့်ရရှိရေး   မည်သို့ဆောင်ရွက်ပေးနိုင် မည်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆွေးနွေးပေးနိုင် ရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားသည်။

 


ထို့နောက်   ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ  အတွင်းရေးမှူးအမြဲတမ်းအတွင်းဝန်   ဦးခန့်ဇော်နှင့်   Consortium အဖွဲ့ တာဝန်ရှိသူတစ်ဦးတို့က  ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ     နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊  သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက် ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊  ရောင်းချဈေးနှုန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက  လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊   စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယား မြေဩဇာ  ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

 


ဆက်လက်၍       တက်ရောက်လာကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက်  လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး   ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။               

သတင်းစဉ်