
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိရန် အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည့် ဝေးလ်အသင်းနှင့် ယူကရိန်းအသင်းတို့ပွဲစဉ်ကို ဇွန် ၅ ရက် ညပိုင်းက အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဝေးလ် အသင်းက အနိုင်ရရှိခဲ့သောကြောင့် ၁၉၅၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၆၄ နှစ်အကြာ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဝေးလ်အသင်းသည် ယူကရိန်းအသင်းကို ဖိအားပေးကစားနိုင်ခြင်း မရှိသော်လည်း ပွဲချိန် ၃၄ မိနစ်တွင် ယူကရိန်းကစားသမား ယာမိုလန်ကို ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ သောဂိုးကြောင့် ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းအသင်းသည် ဝေးလ်အသင်းထက် ဂိုး တည့်မတ်မှုအသာ၊ ဂိုးကန်သွင်းမှုအသာ၊ ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဝေးလ်ဂိုးသမား ဟန်နက်ဆေ လက်စွမ်း ပြကာကွယ်နိုင်မှုနှင့်အတူ အသင်းခံစစ်ကစားသမားများ အကောင်းဆုံးခုခံရှင်းထုတ်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ဖလားဝင်ခွင့် နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဝေးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဘီ) တွင် အင်္ဂလန်၊ အီရန်၊ အမေရိကန်အသင်း တို့နှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ ဝေးလ်အသင်းပါဝင်ယှဉ်ပြိုင်ကစားမည့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စတင်ယှဉ်ပြိုင်ကစားသွားတော့မည် ဖြစ်သည်။
အောင်ဇော်