ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူ များ ကပ်ရောဂါကင်းဝေးရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်က အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသဖြင့် ကိုဗစ်ရောဂါဖြစ်ပွား မှုကို အတော်အသင့် ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ ကိုဗစ်ရောဂါ ဖြစ်ပွားသေဆုံးမှုများ ဆက်လက်မြင့်မားလာခြင်းမရှိဘဲ အခြေအနေကောင်းများရရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများ မကြာခဏပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဇူလိုင်လ ၂၃ ရက်နေ့က “မိမိတို့အနေဖြင့် အောက်ဆီ ဂျင် လုံလောက်စွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှလည်း အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မှာယူတင်သွင်းလျက်ရှိသဖြင့် စနစ်တကျသုံးစွဲရန် နှင့် သိုလှောင်မှုနှင့်ပတ်သက်၍လည်း ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ မြောက်ဥက္ကလာပဆေးရုံတွင် အောက်ဆီဂျင်ပိုက်လိုင်းများ ဖျက်ဆီးခံ ရသည်ဟု ကြားသိရပြီး ဟုမ္မလင်းဆေးရုံတွင်လည်း အကြောင်းမဲ့လုပ်ငန်းခွင် ပျက်ကွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းအချို့က အောက်ဆီဂျင်အိုးများကို သိုဝှက် ထားခဲ့သည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့လုပ်ရပ်များသည် အတွေးအခေါ်မဲ့ပြီး စာနာမှုကင်းမဲ့သည့်လုပ်ရပ်များပင်ဖြစ်ပြီး ဆေးရုံများအနေဖြင့်လည်း လူနာများ၏ လုံခြုံရေး တင်းကျပ်စွာလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း” အသိပေး ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေး သက်သာလျော့နည်းစေရေးအတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း ရောဂါကာကွယ်၊ ကုသရေး၊ အောက်ဆီဂျင်ရရှိရေး၊ ကာကွယ် ဆေးထိုးနှံရေးတို့တွင် အသိတရားဖြင့် ပါဝင်ဆောင်ရွက်နေကြသည်။ ထိုအချိန် တွင် မသမာသူအဖျက်သမားများက ပြည်သူများ ရောဂါကာကွယ်ကုသရေးလုပ်ငန်း များကို စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် အသိအမြင်မဲ့ ယုတ်မာရက်စက်သည့် လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ ယခုရက်ပိုင်း အတွင်း သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ အစည်းများနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးဆောင်ရွက်နေစဉ် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမား တစ်ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ကာကွယ်ဆေးထိုးနှံနေသူ ပြည်သူများနှင့် စေတနာ့ဝန်ထမ်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
သြဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြို့တော်ခန်းမ ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမဝင်ပေါက်၌ အစွန်းရောက်အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်ထိန်းချုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ မြို့တော်ခန်းမအတွင်း၌ ကာကွယ် ဆေးထိုးနှံသူများအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ တိုင်းရင်းသားပြည်သူ တစ်ဦးနှင့်စေတနာ့ဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာများ ရရှိခဲ့သည်။ သြဂုတ်လ ၅ ရက်နေ့ တွင်လည်း ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ရောဂါကာကွယ်ရေး PPE ဝတ်စုံ ဝတ်ဆင် ထားသည့် အကြမ်းဖက်သမားနှစ်ဦးက ဈေးဝယ်ဟန်ဆောင်၍ လုပ်ကြံပစ်ခတ်တိုက်ခိုက်မှုကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာများရရှိခဲ့သည်။
အကြမ်းဖက်အဖျက်သမားများသည် မြို့ပေါ်တွင်ခိုအောင်း၍ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများကို ယုတ်မာရက်စက်စွာဖြင့် ဗုံးထောင် ဖောက်ခွဲ အဖျက်လုပ်ရပ်များ လုပ်ကိုင်လျက်ရှိပြီး ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်၍ အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စိတ်စေတနာပြည့်ဝ စွာဖြင့် ကူညီဆောင်ရွက်ပေးနေသော ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့် စေတနာ့ဝန်ထမ်းများအပေါ် အထင်အမြင်လွဲမှားစေခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်းနှင့် ယုံကြည်မှုပျက်ပြားစေအောင် ယုတ်မာပက်စက်သောအကြံအစည်ဖြင့် တစိုက် မတ်မတ် ပြုလုပ်နေသည်ကိုတွေ့ရသည်။ ယခုအခါတွင် ကာကွယ်ဆေးထိုးနှံထားခြင်း သည် ရောဂါကာကွယ်ရေးအတွက် များစွာအထောက်အကူပြုသည်ကို သိရှိကြ သဖြင့် ပြည်သူများအနေဖြင့် မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံရေးကို တက်တက် ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေကြစဉ် ဖျက်လိုဖျက်ဆီး လုပ်ကိုင်မှုများကို သတိထားကာကွယ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူလူထု ရောဂါ ကင်းဝေးရေးအတွက် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေကြသော အကြမ်းဖက်အဖျက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေဖော်ထုတ်လျက်ရှိရာ မြို့ရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေကြသော အကြမ်းဖက်အဖျက်သမားများ၊ မသင်္ကာဖွယ်ရာများကို တွေ့ရှိ ပါက အသိပေးထားသည့် ဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လုံခြုံစိတ်ချစွာဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ အသိပေးတိုက်တွန်းအပ်ပါကြောင်း။ ။