
မြောက်ဦး မေ ၁၃
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် အတွက် HIA ဆန်းစစ်ချက် သင်တန်းကို ကြက်ဈေးရပ်ကွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရုံးခန်းမ၌ မေ ၁၂ ရက်က ဖွင့်လှစ်သည်။
သင်တန်းတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်လွင်က ယဉ်ကျေးမှု အမွေအနှစ်များ အပေါ် ထိခိုက်သက်ရောက်မှု များကို လေ့လာသုံးသပ်၍ ထိခိုက် မှုလျော့နည်းစေရေး ဆောင်ရွက် နိုင်ရန်အတွက် စာတွေ့လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကြောင်းနှင့် သင်တန်း၏ အဓိကရည်ရွယ်ချက် မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေး တင်သွင်းထားသည့် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသ၏ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးရှိသည့် ရှေးဟောင်းအမွေ အနှစ်များအပေါ် ထိခိုက်စေနိုင် သည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ တည်ဆောက်ရေးလုပ်ငန်း များ၊ စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အဆောက်အအုံ များ၊ ဌာနဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများကို ဆန်းစစ်၍ ထိခိုက်မှု အနည်းဆုံးဖြစ်မည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင် ရန်ဖြစ်ကြောင်း အွန်လိုင်းမှ တစ်ဆင့် အမှာစကားပြောကြား သည်။
သင်တန်း ပထမပိုင်းသုံးရက် စာတွေ့သင်ကြားရာတွင် ကမ္ဘာ လုံးဆိုင်ရာ စံတန်ဖိုးများ အကြောင်း၊ အမွေအနှစ်ထိခိုက် နိုင်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် များအကြောင်း၊ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်း ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသနှင့် ပတ်ဝန်းကျင်ကို စီမံ ခန့်ခွဲခြင်း၊ အချက်အလက်များ စုဆောင်းခြင်း၊ GIS စနစ်နှင့် HIA လုပ်ငန်းစဉ်များ ချိတ်ဆက်နေပုံ တို့ကို သင်ကြား၍ သင်တန်း ဒုတိယ ၆ ရက်တွင် လက်တွေ့ ကွင်းဆင်းခြင်း၊ အစီရင်ခံစာရေး သားခြင်းနှင့် ပြန်လည်ရှင်းလင်း တင်ပြခြင်းတို့ကို သင်ကြားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သန နည်းပညာသင်တန်း ကျောင်း (ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပြောသည်။
အဆိုပါ HIA သင်တန်းတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် အရာထမ်း/အမှုထမ်း သင်တန်းသူ သင်တန်း သား ၂၇ ဦးနှင့် အသင်းအဖွဲ့ များမှ အဖွဲ့ဝင်များ တက်ရောက်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)