အနုပညာဆိုသည်မှာ လူသားအားလုံး ဆက်သွယ်ပြောဆိုနိုင်သည့် ကမ္ဘာသုံးဘာသာ စကားတစ်ခုဖြစ်ပါသည်။ ပြောဆိုသုံးနှုန်းကြသည့် ဘာသာစကားများ၊ ဘဝနေထိုင်မှု၊ ယဉ်ကျေးမှုပုံစံ များ မည်သို့ပင် မတူကွဲပြားမှုရှိပါစေ၊ ခေတ်သမိုင်း အဆက်ဆက်တွင် ကမ္ဘာ့နိုင်ငံအချင်းချင်း ယဉ်ကျေးမှုများ ဖလှယ်သည့်အခါ အနုပညာက လွှမ်းခြုံမှု အားကောင်းသည့် ကြားခံတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်ကောင်းများစွာရှိပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများအနက် တရုတ်နိုင်ငံ၏ ထန်မင်းဆက်၊ မြန်မာနိုင်ငံ၏ ပျူခေတ်တွင် နှစ်နိုင်ငံ ပြည်သူများ၏ကြားတွင် အနုပညာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဂီတနှင့်အနုပညာကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည် ဆိုသည်ကို လေ့လာသိရှိရပါသည်။
ယခု လက်ရှိအချိန်တွင်လည်း နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်စေရန် အတွက် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် ယခုကျင်းပသည့် တရုတ်- မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံ ရေးထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်၊ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင် သီတင်းပတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms.Ma Jia နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ သံအမတ်ကြီး မင်္ဂလာပါရှင်။ သံအမတ်ကြီးတို့အနေနဲ့ တရုတ် ရုပ်ရှင်ပွဲတော်ကို ဒီနေ့ စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံမှာ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရကို သိပါရစေ။
ဖြေ။ ။ လွန်ခဲ့တဲ့ (၇၆) နှစ်ရဲ့ ဒီလိုနေ့မှာ တရုတ်-မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ (၇၆) နှစ် တာကာလအတွင်းမှာ နိုင်ငံတကာ အခြေအနေများ ဘယ်လိုပင်ပြောင်းလဲပါစေ နှစ်နိုင်ငံစလုံးက အပြန်အလှန်လေးစားခြင်းနဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ အတူယှဉ်တွဲ နေထိုင်ရေးလမ်းစဉ်ကို အစဉ်တစိုက် ကိုင်စွဲထားခဲ့ကြပါတယ်။
ကျွန်မတို့က ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင် ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ ကျင်းပဖို့ အထူးရွေးချယ်ခဲ့ခြင်းဟာ နှစ်နိုင်ငံအကြား (၇၆) နှစ်တိုင်တိုင် အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြတဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဂုဏ်ပြုတာဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးကို ရုပ်ရှင်ဖန်သားပြင်ရဲ့ အတွင်းအပြင်တို့မှာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။
ရုပ်ရှင်ဆိုတာက နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ အများသုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး ကျွန်မတို့က မြန်မာနိုင်ငံမှာ တရုတ်ရုပ်ရှင်သီတင်းပတ်ကို (၈) ကြိမ်တိုင်တိုင် မပျက်မကွက် ကျင်းပလာခဲ့ခြင်းဟာ သက်ဝင်လှုပ်ရှားသော ကင်မရာမြင်ကွင်းများနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းပုံပြင်များက တစ်ဆင့် တရုတ်ပြည်သူများရဲ့ လူနေမှုဘဝနဲ့ တရုတ်လူမှုအဖွဲ့အစည်းရဲ့ ပြောင်းလဲတိုးတက်မှုများကို ဖော်ပြပေးဖို့ဖြစ်ပြီး အားလုံးကို စစ်မှန်ပြီး၊ ရုပ်လုံးပေါ်ကာ ကဏ္ဍစုံလင်တဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို တင်ဆက်ပြသလိုခြင်း ဖြစ်ပါတယ်။
ထိုမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား အတားအဆီးနဲ့ နားလည်မှုလွဲမှားခြင်းတွေကို ဖယ်ရှားကာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပြီး နှစ်နိုင်ငံပြည်သူတွေကို စိတ်ချင်း ဆက်နွှယ်မှုမှတစ်ဆင့် အပြန်အလှန် သိရှိနားလည်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်းနှင့် ပေါင်းစည်းခြင်းတို့ကို ဖော်ဆောင်ပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ရေရှည် နက်ရှိုင်းတဲ့ လူမှုယဉ်ကျေးမှု အင်အားစုတွေကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။
ယခုအကြိမ် ရုပ်ရှင်သီတင်းပတ်မှာ အထူးရေပန်းစားလူကြိုက်များတဲ့ တရုတ်ရုပ်ရှင် လက်ရာ ကောင်း ခုနစ်ကားကို ကျွန်မတို့ အထူးရွေးချယ်ထားပါတယ်။ ရုပ်ရှင်အမျိုးအစားများ မတူညီကြသော်လည်း ရုပ်ရှင်အားလုံးက စစ်မှန်တဲ့မိသားစု သံယောဇဉ်၊ ခိုင်မာတဲ့အိပ်မက်များ၊ မဆုတ်မနစ် ကြိုးပမ်း အားထုတ်မှုများနဲ့ တရားမျှတမှုအပေါ် ရပ်တည်ချက်၊ လှပတဲ့ဘဝဆီသို့ လျှောက်လှမ်းပုံများကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။ စိတ်နှလုံးချင်း ဆက်နွှယ်ပေးမယ့် ဤရုပ်ရှင်ဇာတ်ကားကောင်း ခုနစ်ကားကတစ်ဆင့် မြန်မာပရိသတ်တွေအတွက် စိတ်လှုပ်ရှားကြည်နူးမှု၊ အတွေးအမြင်သစ်တွေနဲ့ ခွန်အားတွေကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ အခုလို ကြားသိရတဲ့အတွက် ဝမ်းသာပါတယ် သံအမတ်ကြီးရှင့်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ရပ်ဝန်းနဲ့ ပိုးလမ်းမလိုမျိုး စီမံကိန်းတွေ ပူးပေါင်း ဆောင်ရွက်နေသလိုပဲ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အကြားမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတဲ့အခါ အခုလို ရုပ်ရှင်ပွဲတော်တွေကို နှစ်စဉ်ကျင်းပခြင်းအားဖြင့် ဘယ်လို အကျိုးရလဒ်တွေကို ဆောင်ကြဉ်းပေးမယ်ဆိုတာ သံအမတ်ကြီးအနေနဲ့ မျှော်လင့်ပါသလဲရှင့်။
ဖြေ။ ။ “Belt and Road” ကို အတူတကွ ပူးပေါင်းတည်ဆောက်ရေး အဆိုပြုချက်က အပြန်အလှန် ပေါင်းစည်းဆက်နွှယ်မှုကို အဓိကလမ်းကြောင်းအဖြစ်ထားရှိပြီး နိုင်ငံအသီးသီး နဲ့အတူ မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှု၊ အခြေခံ အဆောက်အအုံချိတ်ဆက်မှု၊ ကုန်သွယ်မှု အဆင်ပြေ ချောမွေ့မှု၊ မတည်ရင်းနှီးငွေစီးဆင်းမှုနဲ့ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုတို့ကို အားကောင်းအောင် ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။
“Belt and Road” ကို အတူတကွ ပူးပေါင်းတည်ဆောက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ် နဲ့ စွမ်းအင် အစရှိတဲ့ကဏ္ဍတွေမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်ဆံဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်နက်ရှိုင်းစေခဲ့ပြီး မြန်မာပြည်သူတွေအတွက် လက်တွေ့ကျတဲ့ လူမှုစီးပွား အကျိုးကျေးဇူးများနဲ့ သုခချမ်းသာများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။
ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုက “Belt and Road” တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ တရုတ် ရုပ်ရှင်သီတင်းပတ် ကျင်းပခြင်းက နှစ်နိုင်ငံပြည်သူတွေရဲ့ စိတ်နှလုံးကို ပိုမိုနီးကပ်စေဖို့ အထောက်အကူပြုပြီး တရုတ်-မြန်မာကဏ္ဍစုံ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင် ရွက်မှုတွေအတွက် ပိုမိုပွင့်လင်းမြင်သာပြီး တံခါးဖွင့်လှစ်ကာ ချစ်ကြည်ရင်းနှီးပြီး အားလုံးပါဝင်နိုင်တဲ့ ပြည်သူ့သဘောထား ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့က မြန်မာ မိတ်ဆွေများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည် ပတ်ကြရန်၊ တရုတ်နိုင်ငံရဲ့ ဒေသန္တရ ဓလေ့ထုံးတမ်းများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားပြီး တရုတ်ပုံစံခေတ်မီဆန်းသစ်မှုရဲ့ ထောင်သောင်းမကတဲ့ တိုးတက်ပြောင်းလဲမှု အသွင်သဏ္ဌာန်များကို ခံစားကြည့်ရှုကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြိုဆိုအပ်ပါတယ်။
မေး။ ။ အခု တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်မှာ ရုပ်ရှင်ပွဲတော်က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ ရုပ်ရှင်ပွဲတော်ကျင်းပခြင်းနဲ့အတူ တခြားဘယ်လို ယဉ်ကျေးမှုပွဲတော်တွေ ကျင်းပဖို့ စီစဉ်ထားတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာလူမှု ယဉ်ကျေးမှုဖလှယ်ရေးမှာ အလွန်တောက်ပတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကို အစဉ်တစိုက် အလေးအနက်ထားရှိပြီး တရုတ်ရိုးရာပွဲတော်များ၊ တရုတ်ဇာတ်သဘင် အော်ပရာဖျော်ဖြေပွဲများ၊ “Chinese Bridge” တရုတ်ဘာသာစကား ပြိုင်ပွဲများ၊ လန်ချန်း-မဲခေါင် ဗီဒီယိုတိုပြိုင်ပွဲများနဲ့ “ပေါက်ဖော် နှလုံးသားထဲမှစကားသံများ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်း အမှတ် ဇာတ်လမ်းပုံပြင်များ စုစည်းမှု” စာမူဖိတ်ခေါ် ခြင်း အစရှိတဲ့ ထင်ရှားပြီး သက်ဝင်လှုပ်ရှားတဲ့ အစီအစဉ်တွေကို ဆက်တိုက်ကျင်းပခဲ့ရာ မြန်မာပြည်သူ တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပု၊ ဗိသု ကာပညာနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ၊ အထူးသဖြင့် ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်လှုပ်ရှားမှုတွေကလည်း ကျွန်မတို့ကို နက်ရှိုင်းစွာ အမှတ်တရကောင်းတွေ ရရှိစေခဲ့ပါတယ်။
နောင်အနာဂတ်မှာ ကျွန်မတို့က ယဉ်ကျေးမှု ဖလှယ်ရေးရဲ့ အတိုင်းအတာနဲ့ နက်ရှိုင်းမှုကို စဉ်ဆက်မပြတ် ဆက်လက်တိုးချဲ့သွားဖို့ ဆန္ဒရှိပါတယ်။ ကျွန်မတို့က တရုတ်ရုပ်ရှင် သီတင်းပတ်ကို ကောင်းမွန်စွာ ဆက်လက်ကျင်းပသွားမယ့်အပြင်၊ ပိုမိုကောင်းမွန်တဲ့ တရုတ်ဇာတ်လမ်းတွဲတွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့အတူ မှတ်တမ်းတင်ရုပ်ရှင်များနဲ့ အထူးအစီအစဉ်များကို ပိုမိုပူးတွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။
ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးဆိုင်ရာ ခံစားမှုများ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစ ရှိတဲ့နယ်ပယ်များမှာလည်း ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ကျွန်မတို့က တရုတ်အနုပညာ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေရန် ပိုမိုတွန်းအားပေးသွားမှာဖြစ်ပြီး မြန်မာအနုပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်ဖလှယ် ကြဖို့လည်း ကြိုဆိုပါတယ်။ အခုလို ယဉ်ကျေးမှု ဖလှယ်မှုတွေမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု တိုးပွားစေဖို့နဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲစေဖို့အတွက် စင်မြင့်ပလက်ဖောင်းတွေကို ပံ့ပိုးဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
သတင်းစဉ်
- Log in to post comments