
ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ၂၀၂၃ ခုနှစ်အတွင်း ဇွန်လ အထိမွေးဖွားပေးခဲ့သည့် ကလေးပေါင်း ၃၃၀၀ ကျော်အနက်မှ ကလေး ၆၇၀ ကျော်ကို အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရကြောင်း သိရသည်။
“ဆေးရုံကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ မွေးဖွားပေးခဲ့တဲ့ကလေးပေါင်း ၃၃၀၀ ကျော်ထဲက ကလေးငယ် ၆၇၀ ကျော်ကို အထူးကြပ်မတ်ကုသ ဆောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ရပါတယ်။ အများဆုံး ကုသပေးခဲ့ရတာက လမစေ့၊ ပေါင်မပြည့်တဲ့ကလေးတွေ၊ နောက်မွေးဖွား ပြီးတော့ အသက်ရှူခက်ခဲတဲ့ ကလေးတွေ၊ မွေးဖွားချိန်မှာ ရေမွန်းနေ တဲ့ ကလေးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ရပါတယ်” ဟု ဗဟိုအမျိုးသမီးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ကြီးက ပြောသည်။
ထို့အတူ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ လာရောက်ကြသည့် မိခင် များတွင် သွေးတိုးခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ရောဂါရှိသည့် မိခင်များနှင့် အမြွှာကိုယ်ဝန်များမှာ အန္တရာယ်ရှိမိခင်များ ဖြစ်ခြင်းကြောင့် ၎င်းမိခင်များမှမွေးဖွားသည့် ကလေးငယ်များအား အထူးကြပ်မတ်ကုသဆောင်ပို့ဆောင်ပြီး လိုအပ်မှုများအား အချိန်မီစောင့်ရှောက်ပေးနိုင်မှုကြောင့် ကလေးငယ်များ၏ အသက်ပေါင်းများ စွာကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
“ကုသမှုပေးတဲ့နေရာမှာလည်း အသက်ရှူခက်ခဲတဲ့ ကလေးတွေကို အသက်ရှူစက်တွေ တပ်ဆင်ပေးတယ်။ မွေးဖွားချိန်မှာ ရေမွန်းတဲ့ ကလေးတွေကို ဦးနှောက်ထိခိုက်မှုကာကွယ်အောင် စောင့်ရှောက်ပေး တာတွေ၊ နောက်သေးငယ်တဲ့ကလေးတွေမှာ အစာအိမ်ကနေပြီး အစာ လက်မခံနိုင်ခင်မှာ ကုသမှုပေးရတာတွေ၊ မွေးကင်းစကလေးတွေ အသားဝါတာနဲ့ ပတ်သက်ပြီးတော့လည်း အရည်ကြည်ပြားကို ထောက်ကြည့်ပြီး လိုအပ်သလို သွေးဖောက်စစ်ဆေးတာတို့၊ သွေးဖောက် ပြီးတော့အဖြေကိုကြည့်ပြီး မီးပြကုသတာတို့၊ လိုအပ်ရင် သွေးလဲလှယ် ပေးရတာတို့ ဒီလိုမျိုးတွေ ဆောင်ရွက်ပေးရတာတွေလည်း ရှိပါတယ်”ဟု ဒေါက်တာ ခင်မောင်ကြီးက ဆက်လက်ပြောသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးကင်းစကလေးငယ်များအား အထူးကြပ်မတ်ကုသပေးနေသည့် ဌာနကြီးတစ်ခုထားရှိပြီး ၎င်းဌာန ကို ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ကာ ၂၀၁၈ ခုနှစ်၌ အဆောက်အအုံအသစ်ဆောက်လုပ်၍ ၂၀၂၀ တွင် အဆင့်မြှင့်တင်ကုသမှု ပေးလျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံတွင် နိုင်ငံတကာအဆင့်မီ သည့် ပိုးသန့်စင်ခန်းများ ပါဝင်ခြင်းကြောင့် မွေးကင်းစကလေးငယ် များ ပိုးဝင်ရောက်မှုနည်းရန်နှင့် မွေးကင်းစကလေးများသေဆုံးမှုနည်း ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားပေးလိုက်သည့် ကလေး များ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ကို အထူးကြပ်မတ်ကုသပေး လျက်ရှိပြီး ယင်းဆေးရုံမှ ၂၀၂၂ ခုနှစ်အတွင်း အရှင်မွေးကလေးပေါင်း ၇၀၅၈ ဦးရှိကာ ၎င်းကလေးများအနက်မှ ကလေးငယ် ၁၆၄၀ ခန့်ကို မွေးကင်းစကလေး အထူးကြပ်မတ်ဆောင်၌ အထူးကြပ်မတ်ကုသပေးခဲ့ရ ကြောင်း သိရသည်။
အာကာလင်း