
ရန်ကုန် ဧပြီ ၆
ယခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှု ဖြစ်စဉ် များအနက် လမ်းသွားလမ်းလာများအား တိုက်မိ သည့် မတော်တဆမှုဖြစ်စဉ်မှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းအထိ YBS ယာဉ် မတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးသူနှင့်ထိခိုက် ဒဏ်ရာရရှိသူစာရင်းများအရ လမ်းဖြတ်ကူးသူအား တိုက်မိမှုကြောင့် သေဆုံးသူငါးဦးနှင့် ဒဏ်ရာ ရရှိသူလေးဦး၊ ယာဉ်ပေါ်မှပြုတ်ကျမှုကြောင့် သေဆုံးသူနှစ်ဦး၊ စက်ဘီးစီးနင်းသူနှင့် တိုက်မိသော ကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦး၊မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် တိုက်မိမှုကြောင့် သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ၅ဦးရှိခဲ့ကြောင်း သိရသည်။
ထို့အတူ Taxi ယာဉ်နှင့်တိုက်မိမှုကြောင့် သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူတစ်ဦး၊ ကိုယ်ပိုင်ယာဉ်ငယ်ဖြင့်တိုက်မိမှုကြောင့် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦး၊ မော်တော်ယာဉ်က ဓာတ်တိုင်ကို ဝင်တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ပြီး ဧပြီ ၃ ရက်အထိ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၃၂ ဦး ရှိခဲ့ကြောင်း YRTC၏ စာရင်း များအရ သိရသည်။
“လမ်းသွားလမ်းလာတွေ အများဆုံးသေဆုံးတာ တွေ့ရပါတယ်။ လမ်းကူးတဲ့အခါ စနစ်တကျလမ်းစည်းကမ်းအတိုင်း သွားလာဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လက်ယာကပ်မောင်းစနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လမ်းလျှောက်တဲ့အခါလက်ဝဲဘက် ကပ်လျောက်၊ ယာဉ်ကြောနဲ့ မျက်နှာချင်းဆိုင်လျှောက်ရမှ ကားတွေ ကိုရှောင်နိုင်မှာဖြစ်ပါတယ်။ လမ်းဖြတ်ကူးရင်လည်း မြင်ကွင်းရှင်းတဲ့ နေရာမှကူးဖို့ လိုအပ်ပါတယ်။ ယာဉ်မောင်းတွေကိုလည်း ဂရုစိုက် မောင်းဖို့ မှာကြားတာရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ဧပြီ ၂ ရက်နေ့က သန်လျင်မြို့နယ်တွင် YBS - 70 ယာဉ်မှာ မှတ်တိုင်အရောက်၌ ခရီးသည် သားအမိယာဉ်ပေါ်မှဆင်းနေစဉ် ယာဉ် က မောင်းထွက်သွား၍ အသက် နှစ်နှစ်အရွယ် ကလေးငယ်ချော်လဲကာ ကားဘီးဖြင့် ဦးခေါင်းအား ကြိတ်မိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း YBS ယာဉ်မတော်တဆမှုဖြစ်စဉ် ကြောင့် သေဆုံးသူ ၃၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၅ ဦးအနက် လမ်းဖြတ်ကူးသူအား တိုက်မိမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့ကြောင်းသိရသည်။
MT