
ဟနွိုင်း အောက်တိုဘာ ၂၈
ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၌သွေးလွန်တုပ်ကွေးရောဂါ ကူးစက် မှုကြောင့် သေဆုံးသူ ၁၀၂ ဦး အပါအဝင် ရောဂါကူးစက်ခံရသူ ၂၆၀၀၀၀ ခန့်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။
ရောဂါကူးစက်ခံရသူ အရေ အတွက်နှင့် သေဆုံးမှုပမာဏမှာ ၂၀၂၁ ခုနှစ် အလားတူ ကာလက ထက် ငါးဆနီးပါး တိုးလာကြောင်း၊ အဓိက ရောဂါဖြစ်ပွားမှုမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပြည်နယ်နှင့် မြို့နယ်အများ အပြားတွင် ဖြစ်ပွားနိုင်ခြေရှိ ကြောင်း ဝန်ကြီးဌာနက ပြော ကြားသည်။
ဟိုချီမင်းမြို့၌ သွေးလွန် တုပ်ကွေးရောဂါ ကူးစက်သူ ၇၀၀၀၀ နီးပါးနှင့် သေဆုံးသူ ၂၉ ဦးရှိကာ ကူးစက်မှုအမြင့်ဆုံး ဖြစ်သည်။ မြို့တော် ဟနွိုင်း၌ ရောဂါကူးစက်ဖြစ်ပွားသူ ၈၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးရှိ ကြောင်း သိရသည်။ မြောက်ပိုင်း ဘက်ကန်ခရိုင်တွင် မူလတန်း ကျောင်းသား ၇၀၀ ကျော်သည် လျှို့ဝှက်ဆန်းကြယ်သော တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားပြီး ၎င်းတို့ အနက် ရှစ်နှစ်အရွယ် ကလေး တစ်ဦး သေဆုံးခဲ့သည်။
ရောဂါစစ်ဆေးရန် ပို့ဆောင် ထားသည့် ခုနစ်ဦး၏ နမူနာအနက် ငါးဦးမှာ influenza B အမျိုးအစား ဖြင့် ရောဂါပိုးတွေ့ရှိပြီး အခြားသူ များမှာ ရောဂါလက္ခဏာ မတွေ့ရှိ ကြောင်း သိရသည်။
ဟနွိုင်းမြို့တွင် လက်၊ ခြေထောက်နှင့် ပါးစပ်ရောဂါ ဖြစ်ပွားသူ ၁၅၄၃ ဦး၊ မေးခိုင်ရောဂါ ဖြစ်ပွား သူ ၁၁ ဦးနှင့် ဂျပန် ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူ လေးဦး အပါအဝင် အခြားရောဂါ ဖြစ်ပွားမှုများ တိုးလာကြောင်း သိရသည်။
ဆင်ဟွာ